Eleven Media Group

■ အာဂျင်တီးနားဆယ်ကျော်သက် မာစတန်တွန်နိုကို ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူ

Photo: Transfermarkt

ရီးယဲလ်မက်ဒရစ်အသင်းဟာ အစောပိုင်းကတည်းက သတင်းတွေထွက်ထွက်နေတဲ့ ရေးဗားပလိတ်အသင်းက အာဂျင်တီးနားဆယ်ကျော်သက်ကစားသမား ဖရန်ကိုမာစတန်တွန်နိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

ရေးဗားပလိတ်အသင်းဟာ ၁၇ နှစ်သားအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းအထိ ရရှိမှာဖြစ်ပါတယ်။

ဒီပမာဏဟာ စာချုပ်လျော်ကြေးအတိုင်း ခေါ်ယူခဲ့တာလည်းဖြစ်တယ်။

ဒါပေမဲ့ အာဂျင်တီးနားကလပ်တစ်သင်းအတွက် ကစားသမားရောင်းချမှုမှာ ပြောင်းရွှေ့ကြေးစံချိန်သစ် တင်ခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမား မာစတန်တွန်နိုဟာ ပြီးခဲ့တဲ့နှစ်ရာသီမှာ ရေးဗားပလိတ်ပထမအသင်းမှာ ကစားခဲ့ပြီး ဘိုကာဂျူနီယာနဲ့ ဒါဘီပွဲမှာ ဂိုးသွင်းနိုင်တဲ့ အသက်ငယ်ဆုံးကစားသမား ဖြစ်လာခဲ့တယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ် အာဂျင်တီးနားလက်ရွေးစင်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး ချီလီနဲ့ကစားခဲ့တဲ့ ခြေစစ်ပွဲမှာ ပွဲပြီးခါနီး လူစားဝင်ကစားကာ ပွဲဦးထွက်ခဲ့ပါတယ်။

၎င်းဟာ အာဂျင်တီးနားအသင်းရဲ့ပြိုင်ပွဲပွဲစဉ်တွေမှာ ကစားခွင့်ရတဲ့ အသက်ငယ်ဆုံးကစားသမားလည်း ဖြစ်လာခဲ့တယ်။

မာစတန်တွန်နိုဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ၎င်း အသက် ၁၈ နှစ်ပြည့်တဲ့ သြဂုတ်လ ၁၄ ရက်မှာ စတင်အသက်ဝင်ပါလိမ့်မယ်။

ရီးယဲလ်အသင်းဟာ အခုနွေရာသီမှာ ဘုန်းမောက်နောက်ခံလူ ဟွိုင်ဆန်၊ လီဗာပူးလ်နောက်ခံလူ အာနိုးလ်တို့ကိုလည်း ခေါ်ယူထားပါတယ်။

မူရင်းသတင်း — Eleven Media Group