Eleven Media Group

■ မန်ယူနိုက်တက်ကစားသမားဟောင်း ပေါ့ဘာ မိုနာကိုအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေ

Photo: Pogba Facebook

တားမြစ်ဆေးပြစ်ဒဏ်စေ့ထားပြီးဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်ကစားသမားဟောင်း ပေါ့ဘာဟာ လီဂူး-၁ကလပ် မိုနာကိုအသင်းထံ ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ(၃၂ နှစ်)အနေနဲ့ အပြောင်းအရွှေ့အတွက် မိုနာကိုအသင်းနဲ့ ဆွေးနွေးမှုများမှာ တိုးတက်နေပြီး လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ်ဖို့ မျှော်လင့်ရပါတယ်။

၎င်းဟာ မိုနာကိုအသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ၂၀၁၆ ခုနှစ်က ပေါ့ဘာကို ဂျူဗင်တပ်စ်ကနေ ထိုအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ကြေးအလွတ်နဲ့
ပြန်လည်ရောက်ရှိခဲ့ပါတယ်။

၂၀၂၃-၂၄ ဘောလုံးရာသီ ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ အူဒီးနီးစ်ပွဲမှာပဲ ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

တားမြစ်ဆေးသုံးစွဲမှုအတွက် ၎င်းကို ကနဦး ကစားခွင့် လေးနှစ် ပိတ်ပင်ခဲ့ပေမဲ့ အယူခံဝင်ခဲ့လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၈ လကို လျှော့ချပေးခဲ့ပါတယ်။

၎င်းဟာ ဂျူဗင်တပ်စ်အသင်းနဲ့ နိုဝင်ဘာလမှာ စာချုပ်ဖျက်သိမ်းခဲ့ပြီး ပြီးခဲ့တဲ့မတ်လကတည်းက ပြစ်ဒဏ်စေ့နေတာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group