Eleven Media Group

■ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေတယ်လို့ မက်ဆီ ပြောကြား

Photo: Inter Miami

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၄ ရက်(ယနေ့)မှာ အီဂျစ်ကလပ် အယ်လ်အာလီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ယခင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၅ ခုနှစ်တွေမှာ ဗိုလ်စွဲခဲ့ပါတယ်။

''စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုပါ။ ပြိုင်ပွဲဝင်ခွင့်ရတာကလည်း စိတ်လှုပ်ရှားစရာပါပဲ။ ရည်မှန်းချက်ကတော့ တခြားအသင်းတွေမှာ ကစားခဲ့တာထက် ကွဲပြားပါတယ်။ ဒါပေမဲ့ ကျွန်တော် စိတ်အားထက်သန်နေပြီး အကောင်းဆုံးအသင်းတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်စောင့်စားနေမိပါတယ်''လို့ မက်ဆီက FIFA ကို ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ အုပ်စု A မှာ အယ်လ်အာလီ(အီဂျစ်)၊ ပေါ်တို(ပေါ်တူဂီ)၊ ပါလ်မီးရပ်စ်(ဘရာဇီးလ်)အသင်းတွေနဲ့ အတူကျရောက်နေပါတယ်။

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေရာနိုက အဖွင့်ပွဲမှာ ဝါရင့်နောက်ခံလူ အယ်လ်ဘာအပါအဝင် ကစားသမားသုံးဦး ဒဏ်ရာကြောင့် အခုပြိုင်ပွဲကို လွဲချော်ခဲ့ပြီလို့ အတည်ပြုထားပါတယ်။

အင်တာမိုင်ယာမီအနေနဲ့ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်ပြိုင်ပွဲမှာ ပုံမှန်ရာသီချန်ပီယံ ဖြစ်ခဲ့ပြီး အိမ်ရှင်နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group