
မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးလင်းဦးနဲ့ ဗြိတိန်နာမည်ကြီးဖိုက်တာ လီယမ်ဟာရစ်ဆင်တို့ပါဝင်တဲ့ ONE-173 ပြိုင်ပွဲကို ဂျပန်နိုင်ငံမှာ ပြောင်းလဲကျင်းပမယ်ဆိုတဲ့အကြောင်းကို ONE Championship ပရိုမိုးရှင်းက အတည်ပြုထုတ်ပြန်လိုက်ပါပြီ။
ONE-173 ပြိုင်ပွဲကို လာမယ့်နိုဝင်ဘာ (၁၆) ရက်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က Ariake Arena ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ONE Championship ပရိုမိုးရှင်းဟာ မူလက ONE-173 ပြိုင်ပွဲကို သြဂုတ် (၁) ရက်မှာ အမေရိကန်နိုင်ငံ၊ ဒန်ဗာမှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။
ဒါပေမဲ့ Main Event ဖြစ်တဲ့ ထိုင်းဖိုက်တာမလေး စတမ့်ဟာ ဒဏ်ရာရသွားတာကြောင့် ပွဲကို ဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။
အခုတော့ ONE Championship ရဲ့ CEO ဖြစ်တဲ့ ချက်ထရီကိုယ်တိုင်က ONE-173 ပြိုင်ပွဲကို ပြန်လည်ကျင်းပတော့မယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ Facrbook လူမှုကွန်ရက်ကနေ တရားဝင် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ONE-173 ပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်ထားတုန်းက အစောပိုင်းထုတ်ပြန်ထားတဲ့ တွဲဆိုင်းတွေထဲမှာ စိုးလင်းဦးနဲ့ ဗြိတိန်ဝါရင့်ဖိုက်တာ လီယမ်ဟာရစ်ဆင်တို့ရဲ့ တွဲဆိုင်းပါဝင်ပါတယ်။
လက်ရှိ ဂျပန်နိုင်ငံမှာ ပြောင်းလဲကျင်းပမယ့် ONE-173 ပြိုင်ပွဲနဲ့ ပတ်သက်လို့တော့ တွဲဆိုင်းတွေကို တရားဝင် ချမပြသေးပါဘူး။
ဒါပေမဲ့လည်း မူလစီစဉ်ထားတဲ့ စိုးလင်းဦးနဲ့ လီယမ်ဟာရစ်ဆင်တို့ရဲ့ တွဲဆိုင်းကတော့ ပြန်လည်ပါဝင်လာဖို့ဆိုတာ ရာနှုန်းပြည့်သေချာသလောက်ရှိနေပါတယ်။
ဂျပန်မှာ ကျင်းပမယ့် ONE-173 ပြိုင်ပွဲမှာ အခြားနာမည်ကြီးဖိုက်တာတွေရဲ့ တွဲဆိုင်းတွေလည်း ပါဝင်လာဖို့ရှိနေပါတယ်။
ONE Lumpinee ရဲ့ဖော်ပြမှုအရတော့ နာမည်ကြီးဖိုက်တာတွေဖြစ်တဲ့ ရော့ထန်နဲ့ နန်းဦး၊ နာဘေးလ်နဲ့ ဂျိုနသန်ဟာဂါသီတို့ရဲ့ တွဲဆိုင်းတွေကိုလည်း မြင်တွေ့နိုင်တယ်လို့ ဆိုပါတယ်။
ဗြိတိန်နာမည်ကြီးဖိုက်တာ လီယမ်ဟာရစ်ဆင်ဟာ ကစ်ဘောင်ဆင်နဲ့ မွေထိုင်းကစားသမားဖြစ်ပြီး ပရော်ဖက်ရှင်နယ်ပွဲပေါင်း (၁၂၀) ထိုးသတ်ထားကာ (၉၂) ပွဲနိုင်၊ (၂၆) ပွဲရှုံး၊ (၂) ပွဲသရေကျထားပါတယ်။
လီယမ်ဟာရစ်ဆင်ဟာ ONE Championship မှာတော့ (၆) ပွဲထိုး၊ (၂) ပွဲနိုင်၊ (၄) ပွဲ ရှုံးနိမ့်ထားပါတယ်။
စိုးလင်းဦးက ONE Championship မှာ (၆) ပွဲထိုး (၃) ပွဲနိုင်၊ (၃) ပွဲရှုံးနိမ့်ထားပါတယ်။
စိုးလင်းဦးဟာ အနိုင်ရထားတဲ့ (၃) ပွဲကို အလဲထိုးထားတာဖြစ်ပါတယ်။