Eleven Media Group

■ ဥရောပထိပ်တန်းကလပ်တွေ အားပြိုင်ကြမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား

Photo: FIFA Club World Cup

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ပုံစံသစ်နဲ့ကျင်းပသွားမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၄ ရက်(ယနေ့)မှာ စတင်ကျင်းပတော့မှာပါ။

အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင် ၃၂ သင်းနဲ့ အုပ်စု ၈ ခုခွဲပြီး ကျင်းပမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ၃၂ သင်းအနက် ဥရောပကိုယ်စားပြု ၁၂ သင်း၊ တောင်အမေရိကကိုယ်စားပြု ၆ သင်း၊ အာရှကိုယ်စားပြု ၄ သင်း၊ အာဖရိကကိုယ်စားပြု ၄ သင်း၊ ကွန်ကာကပ်ဖ်ကိုယ်စားပြု ၅ သင်း၊ သမုဒ္ဒရာကိုယ်စားပြု ၁ သင်း ပါဝင်ယှဉ်ပြိုင်မှာပါ။

ကွန်ကာကပ်ဖ်ကိုယ်စားပြု ၅ သင်းမှာ အင်တာမိုင်ယာမီအသင်းကတော့ အိမ်ရှင် အမေရိကန်နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ခွင့်ရခဲ့တာဖြစ်တယ်။

ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင်လ ၁၃ ရက်အထိ ကျင်းပမှာဖြစ်ပြီး မြို့ ၁၁ မြို့က ကွင်း ၁၂ ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ချန်ပီယံလိဂ်ပြိုင်ပွဲအငယ်စားလို့လည်း ညွှန်းဆိုလို့ရပါတယ်။

ဥရောပထိပ်တန်းကလပ်တချို့ မပါလာပေမဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ရောက် ၈ သင်းအနက် ၅ သင်းက အခုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

PSG၊ ရီးယဲလ်မက်ဒရစ်၊ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်တို့က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘာစီလိုနာ၊ အင်္ဂလိပ်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ လွဲချော်ခဲ့တာဖြစ်တယ်။

ဒါပေမဲ့ ကလပ်ကမ္ဘာ့ဖလားမှာ နိုင်ငံတစ်နိုင်ငံတည်းက အများဆုံးယှဉ်ပြိုင်ခွင့်ရခဲ့တာက ဘရာဇီးလ်ပဲ ဖြစ်ပါတယ်။

ဘရာဇီးလ်ကလပ်တွေဖြစ်တဲ့ ဖလာမင်ဂို၊ ပါလ်မီးရပ်စ်၊ ဖလူမင်နိစ်၊ ဘိုတာဖိုဂိုစတဲ့ လေးသင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

ဒုတိယအများဆုံးကတော့ အိမ်ရှင် အမေရိကန်ဖြစ်ပြီး ဆီယက်တဲလ်ဆောင်းဒါးစ်၊ အင်တာမိုင်ယာမီနဲ့ LAFC သုံးသင်း ယှဉ်ပြိုင်မှာပါ။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ဝင်စားစရာဖြစ်စေတာက ချီးမြှင့်မယ့် ဆုကြေးပမာဏပါပဲ။

FIFA က အခုပြိုင်ပွဲအတွက် ဆုကြေး အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဆုကြေး ဒေါ်လာ တစ်ဘီလျံမှာ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မှုအတွက် ဒေါ်လာ ၅၂၅ သန်း၊ ပြိုင်ပွဲအတွင်းစွမ်းဆောင်ရည်အတွက် ဒေါ်လာ ၄၇၅ သန်း ခွဲထားပါတယ်။

ပြိုင်ပွဲယှဉ်ပြိုင်ကြေးမှာ ဒေသအလိုက်မတူဘဲ ဥရောပမှာတောင် အားကစားနဲ့ စျေးကွက်အပေါ် သတ်မှတ်တဲ့ အဆင့်သတ်မှတ်ချက်အလိုက် ချီးမြှင့်မှာဖြစ်ပြီး ဒေါ်လာ ၁၂.၈၁ သန်းနဲ့ ၃၈.၁၉ သန်းအကြား ရဖို့ရှိပါတယ်။

တောင်အမေရိကကလပ်တွေက ဒေါ်လာ ၁၅.၂၁ သန်းစီ၊ ကွန်ကာကပ်ဖ်၊ အာရှနဲ့ အာဖရိကကလပ်တွေက ၉.၅၅ သန်းစီ၊ သမုဒ္ဒရာကလပ်က ၃.၅၈ သန်း ရရှိမှာဖြစ်တယ်။

ပြိုင်ပွဲအတွင်းစွမ်းဆောင်ရည်မှာ ချန်ပီယံဖြစ်မယ့်အသင်းက အမြင့်ဆုံးရရှိမယ့်ဆုကြေးက ဒေါ်လာ ၁၂၅ သန်းအထိ ရှိနိုင်ပြီး ချန်ပီယံဆုကြေးသက်သက်က ဒေါ်လာ သန်း ၄၀ ရရှိပါလိမ့်မယ်။

အုပ်စုတွင်း နိုင်ပွဲတစ်ပွဲအတွက် ဒေါ်လာ ၂ သန်း၊ သရေတစ်ပွဲအတွက် ဒေါ်လာ ၁ သန်း၊ ၁၆ သင်းအဆင့်ကို ဒေါ်လာ ၇.၅ သန်း၊ ကွာတားဖိုင်နယ်အဆင့်ကို ဒေါ်လာ ၁၃.၁၂၅ သန်း၊ ဆီမီးဖိုင်နယ်ကို ဒေါ်လာ ၂၁ သန်း၊ ဒုတိယအသင်းကို ဒေါ်လာ သန်း ၃၀ ချီးမြှင့်မှာဖြစ်ပါတယ်။

င်္FIFA အနေနဲ့ ကမ္ဘာတစ်ဝှမ်းက ကလပ်ဘောလုံးဖွံ့ဖြိုးဖို့အတွက် ဒေါ်လာ သန်း ၂၅၀ ဘတ်ဂျက်သုံးစွဲဖို့လည်း လျာထားပါတယ်။

ဒီပြိုင်ပွဲမှာ ဥရောပထိပ်တန်းကလပ်တွေကပဲ ချန်ပီယံဆုအတွက် ရေပန်းစားနေပါတယ်။

အလေးပေးချက်တွေမှာ ထိပ်ဆုံးကိုးနေရာကို ဥရောပကလပ်အသင်းတွေကပဲ ရယူထားတာပါ။

ဗြိတိန်လောင်းကစားကုမ္ပဏီ William Hill ရဲ့အလေးပေးချက်မှာ ချန်ပီယံလိဂ်အအောင်မြင်ဆုံး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် လက်ရှိချန်ပီယံ PSG အသင်းတို့က ၄း၁ လေးစီနဲ့ ထိပ်ဆုံးက ရေပန်းစားနေပြီး မန်စီးတီးအသင်းက ၅း၁ လေး၊ ဘိုင်ယန်မြူးနစ်အသင်းက ၆း၁ လေး၊ ချယ်လ်ဆီးအသင်းက ၁ဝး၁ လေး၊ အက်သလက်တီကိုအသင်းနဲ့ အင်တာမီလန်အသင်းက ၁၄း၁ လေးစီ၊ ဒေါ့မွန်အသင်းက ၂၅း၁ လေး၊ ဂျူဗင်တပ်စ်အသင်းက ၂၈း၁ လေးနဲ့ ရပ်တည်နေပါတယ်။

ပုံစံသစ်နဲ့ကျင်းပမယ့် ၂၀၁၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယနေ့(မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက် ၆ နာရီခွဲ)မှာ အင်တာမိုင်ယာမီနဲ့ အီဂျစ်ကလပ် အယ်လ်အာလီပွဲနဲ့ စတင်တော့မှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group