Eleven Media Group

ဂတ်တူဆိုကို အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဘူဖွန် အတည်ပြု

Photo: Getty Images

လက်ရှိအချိန်မှာ အီတလီလက်ရွေးစင်အသင်းရဲ့ မန်နေဂျာအဖြစ် ဆောင်ရွက်နေတဲ့ ဂိုးသမားဟောင်း ဘူဖွန်က ဂတ်တူဆိုကို အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က အခုနောက်ပိုင်းပွဲစဉ်တွေမှာ အသင်းရဲ့ စွမ်းဆောင်ရည် ကျဆင်းခဲ့တာကြောင့် လက်ရွေးစင်အသင်းနည်းပြ စပယ်လက်တီကို ရာထူးက ထုတ်ပယ်ခဲ့ပြီး နည်းပြသစ်ခန့်အပ်ဖို့ ကြိုးပမ်းနေတာပါ။
FIGC က ရိုးမားနည်းပြဟောင်း ရာနီရေးရီကို ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပေမဲ့ ရာနီရေးရီက ရိုးမားအသင်းရဲ့ အထူးအကြံပေးအဖြစ်သာ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတာကြောင့် လက်လျှော့ခဲ့ရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ပီအိုလီ၊ ဒီရော့ဆီနဲ့ ကင်နာဗာရိုတို့လည်း အီတလီလက်ရွေးစင်နည်းပြရာထူးအတွက် လျာထားခံခဲ့ရပေမဲ့ အခုတော့ ဂတ်တူဆိုကို ခန့်အပ်ဖို့ နောက်ဆုံးဆွေးနွေးတဲ့အဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။
''ကျွန်တော်တို့ နောက်ဆုံးအသေးစိတ်အချက်အလက်တွေအတွက် စောင့်နေရတဲ့အဆင့်ကို ရောက်နေပါပြီ။ အဆုံးသတ်မှာ ကျွန်တော်တို့ အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်'' လို့ ဘူဖွန်က ပြောကြားခဲ့ပါတယ်။
ဂတ်တူဆိုက ဒီလထဲမှာပဲ ခရိုအေးရှားကလပ် ဟာဒတ်စပလစ်အသင်းနဲ့ လမ်းခွဲထားပြီး အသင်းလက်မဲ့ဖြစ်နေသူပါ။

မူရင်းသတင်း — Eleven Media Group