Eleven Media Group

ဒီဘရိုင်းနားနေရာ အစားဝင်ဖို့မဟုတ်ဘူးလို့ ရိုင်ဒါစ် ပြောကြား

Photo: Manchester City

အေစီမီလန်အသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ရိုင်ဒါစ်က ဒီဘရိုင်းနားနေရာ အစားဝင်ဖို့မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းက ၀ါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားကို စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲခဲ့ပြီး ရိုင်ဒါစ်ကို ပေါင်(၄၆.၅)သန်းနဲ့ ခေါ်ယူခဲ့တာပါ။
ရိုင်ဒါစ်ကတော့ ဒီဘရိုင်းနားဟာ သူ လေးစားအားကျရတဲ့ ကစားသမားဖြစ်ပေမဲ့ မန်စီးတီးကို ပြောင်းရွှေ့လာတာဟာ ဒီဘရိုင်းနားနေရာ အစားဝင်ဖို့မဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။
''ကျွန်တော် ဒီဘရိုင်းနားနေရာ အစားဝင်ဖို့ ဒီကို ရောက်လာတာ မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်ပိုင် ကစားပွဲကိုပဲ ကျွန်တော် ကစားသွားမှာပါ။ ဒါပေမဲ့ ကျွန်တော် မတူကွဲပြားတဲ့ ကစားသမားတွေဆီကနေ အတုယူထားတာတွေ အများကြီးရှိပါတယ်။ ဒီဘရိုင်းနား ပွဲကို ဘယ်လိုဖြန့်ကြက်ကြည့်ရှုတယ်၊ ဘယ်လိုပေးပို့တယ် ဆိုတာတွေကိုလည်း အတုယူပါတယ်''လို့ ရိုင်ဒါစ်က ပြောကြားခဲ့ပါတယ်။
ရိုင်ဒါစ်က မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့လက်အောက်မှာ ကစားသမားဘဝ နောက်တစ်ဆင့်မြင့်တက်လာဖို့ မျှော်လင့်နေကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group