Eleven Media Group

ဂေါ်ဒွန်ကို ပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းဖို့ လီဗာပူးလ် စီစဉ်နေ

Photo: Getty Images

လီဗာပူးလ်အသင်းက နယူးကာဆယ်တောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်ကို ပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းထွက်လာပါတယ်။
လီဗာပူးလ်အသင်းက ဂေါ်ဒွန်(၂၄ နှစ်)ကို ပြီးခဲ့တဲ့နှစ် နွေရာသီကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး အခု ကမ်းလှမ်းဖို့ အံ့အားသင့်ဖွယ်စီစဉ်လာခဲ့တာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနွေမှာ လေဗာကူဆင်က ဖရင်ပေါင်နဲ့ ဗလင်စီယာက မာမာဒက်ရှ်ဗီလီတို့ကို ခေါ်ယူထားသလို၊ လေဗာကူဆင်က ဖလော်ရီယန်ဗက်ဇ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ဒါပေမဲ့ အာနိုးလ်ကို ဆုံးရှုံးထားရသလို၊ လူးဝစ်ဒီယက်ဇ်နဲ့ ဒါဝင်နူးနက်ဇ်တို့ရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်နေတာကြောင့် ဒီနွေမှာ ကစားသမားအပြောင်းအလဲအများအပြား ဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။
နယူးကာဆယ်အသင်းက ဂေါ်ဒွန်ကို ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ လက်လွှတ်ဖွယ်မရှိတဲ့အတွက် လီဗာပူးလ်အသင်းက ပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group