Eleven Media Group

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါးလ်မီးရပ်စ်အတွက်သာ အက်စ်တီဗာအို ကစားမယ်

Photo: EPA

ဒီနွေရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားအဖြစ် စာရင်းဝင်မယ့် ဘရာဇီးလ်ဆယ်ကျော်သက် အက်စ်တီဗာအိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါးလ်မီးရပ်စ်အတွက်သာ ပါဝင်ကစားမယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား အက်စ်တီဗာအိုကိုခေါ်ယူဖို့ ၂၀၂၄ နွေရာသီကတည်းက သဘောတူညီမှုရရှိထားခဲ့တာဖြစ်ပြီး အသက်(၁၈) နှစ်ပြည့်မယ့် ဒီနွေမှာမှ အသင်းနဲ့ စာချုပ်ချုပ်ဆိုမှာပါ။
ပါးလ်မီးရပ်စ်အသင်းက အက်စ်တီဗာအိုအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)ဝန်းကျင်ရရှိခဲ့ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးစဉ်ကတည်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါးလ်မီးရပ်စ်အသင်းအတွက်သာ ယှဉ်ပြိုင်ကစားခွင့်ပြုဖို့ သဘောတူညီမှု ရယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အက်စ်တီဗာအိုရဲ့ ခြေစွမ်းကို အသင်းဟောင်းနဲ့အတူသာ မြင်တွေ့ခွင့်ရမယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။
ပွဲစဉ်လမ်းကြောင်းအရ ချယ်လ်ဆီးနဲ့ ပါးလ်မီးရပ်စ်အသင်းတို့ ကွာတားဖိုင်နယ်အဆင့်ရောက်မှ ဆုံတွေ့ရနိုင်ခြေရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group