Eleven Media Group

ဘာစီလိုနာဂိုးသမား စတီဂျန် ဂါလာတာစာရေးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိ

Photo: X

ဘာစီလိုနာအသင်းရဲ့ ဂျာမန်ဂိုးသမား စတီဂျန်ဟာ ဂါလာတာစာရေးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ Sport က ဖော်ပြခဲ့ပါတယ်။
စတီဂျန်(၃၃ နှစ်)ဟာ ၂၀၁၄ ခုနှစ်ကတည်းက ဘာစီိလိုနာအသင်းနဲ့ လက်တွဲခဲ့တာဖြစ်ပြီး ပွဲပေါင်း (၄၀၀)ကျော် ကစားထားသူပါ။
ပြီးခဲ့တဲ့ရာသီမှာတော့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် (၉)ပွဲသာ ကစားနိုင်ခဲ့ပြီး တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပါတယ်။
ဒဏ်ရာက ပြန်ကောင်းလာချိန်မှာ နည်းပြ ဟန်ဆီဖလစ်ခ်က ပထမဂိုးသမားအဖြစ် အခွင့်အရေးပြန်မပေးခဲ့တဲ့အပြင် လက်ရှိအချိန်မှာလည်း အက်စ်ပန်ညိုဂိုးသမား ဟွမ်ဂါစီယာကို ခေါ်ယူဖို့ စီစဉ်နေတာကြောင့် စတီဂျန်က အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဘာစီလိုနာမှာ မပျော်ရွှင်တော့တဲ့ စတီဂျန်ကို ဂါလာတာစာရေးအသင်းက တစ်နှစ်လစာ ယူရို(၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ခေါ်ယူနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ စတီဂျန်နဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်လို့ ဘာစီလိုနာအသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့ပဲ လိုတော့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group