Eleven Media Group

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးသီဟဇော် ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းနဲ့ လမ်းခွဲ

Photo: Naga World FC

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သီဟဇော်ဟာ ကမ္ဘောဒီးယားကလပ် နာဂါဝေါလ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

နာဂါဝေါလ်အသင်းအနေနဲ့ တိုက်စစ်မှူးသီဟဇော်နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်းနဲ့ အနာဂတ်အတွက်​ ဆုမွန်ကောင်းတောင်းပေးခြင်းတို့ကို ဒီကနေ့မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲအပြီးမှာ သီဟဇော်ရဲ့ နာဂါဝေါလ်အသင်းဟာ အမှတ်ပေးဇယား အဆင့် (၅) နေရာမှာ ရပ်တည်ခဲ့ပြီး သီဟဇော်က အသင်းအတွက် (၇) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ယခုရာသီ ပြိုင်ပွဲအပြီးမှာ သီဟဇော်ရဲ့ နာဂါဝေါလ်အသင်းဟာ ပွဲ (၃၀) ကစား၊ (၁၃) ပွဲနိုင်၊ (၄) ပွဲ သရေ၊ (၁၃) ပွဲရှုံး၊ ရမှတ် (၄၃) မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၅) နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ယခုရာသီ ကမ္ဘောဒီးယားပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲအပြီးမှာ PKR Savy Rieng အသင်းက ပွဲ (၃၀) ကစား၊ (၂၅) ပွဲနိုင်၊ (၁) ပွဲ သရေ၊ (၄) ပွဲရှုံး၊ ရမှတ် (၇၆) မှတ်နဲ့ ချန်ပီယံဆု ရရှိခဲ့ပါတယ်။

PKR Savy Rieng အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ရာသီကလည်း ကမ္ဘောဒီးယား ပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲထားခဲ့တာကြောင့် နှစ်ရာသီဆက် အနိုင်ရဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။

သီဟဇော်ဟာ နာဂါဝေါလ်အသင်းအတွက် ယခုရာသီမှာ (၄) ပွဲဆက် ဂိုးသွင်းယူပေးထားခဲ့ဖူးသလို ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(MVP) ကိုလည်း (၃) ကြိမ်အထိ ရရှိထားခဲ့ပါတယ်။

ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် နာဂါဝေါလ်အသင်းဟာ သီဟဇော်ကို ၂၀၂၄-၂၀၂၅ ရာသီအတွက် တစ်ရာသီသာ စာချုပ်ချုပ်ဆို ခေါ်ယူထားတာဖြစ်လို့ ယခုအခါ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီး သက်တမ်းမတိုးတော့တာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group