
လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းက ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို ခေါ်ယူဖို့ ကလပ်အသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် လာမယ့် သောကြာနေ့မှာ ဆေးစစ်မှုပြုလုပ်မယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ဖလော်ရီယန်ဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးပေါင် သန်း(၁၀၀)+ Add+ons ကြေး ပေါင်(၁၆)သန်း ပေးချေရမှာဖြစ်ပြီး ဒါဟာ ဗြိတိန်ကစားသမားတွေထဲမှာ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။
လီဗာပူးလ်အသင်းက သောကြာနေ့မှာ ဆေးစစ်မှု ပြုလုပ်ပြီးတာနဲ့ ဖလော်ရီယန်ဗက်ဇ်ကို ခေါ်ယူနိုင်ကြောင်း အတည်ပြုကြေညာသွားဖို့လည်း စီစဉ်ထားပြီးဖြစ်တယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းက ပြောကြားခဲ့ပါတယ်။
ဖလော်ရီယန်ဗက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး လစာအဖြစ် တစ်ပတ်ကို ပေါင်(၁၉၅၀၀၀)ကနေ (၂၄၅၀၀၀)အထိ ရရှိသွားမယ်လို့ သိရပါတယ်။
ဖလော်ရီယန်ဗက်ဇ်ဟာ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ရဲ့ လက်အောက်မှာ No.10 Role ကစားရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။