Eleven Media Group

အပူဒဏ်ကြောင့် ကစားရခက်ခဲ့တယ်လို့ အန်နရီကေးနဲ့ ဗီတင်ညာတို့ ဝေဖန်

Photo: Reuters

PSG အသင်းရဲ့ နည်းပြ အန်နရီကေးနဲ့ ကွင်းလယ်ကစားသမား ဗီတင်ညာတို့က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အက်သလက်တီကိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ အပူဒဏ်ကြောင့် ကစားရခက်ခဲ့တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
PSG အသင်းဟာ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် အက်သလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ (၄-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ အဲဒီပွဲကို နေ့လယ်ပိုင်းမှာ ကစားခဲ့ရတာကြောင့် အန်နရီကေးနဲ့ ဗီတင်ညာတို့က ဝေဖန်ပြစ်တင်ခဲ့တာပါ။
''ဒီပွဲမှာ အပူချိန်ရဲ့ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ပွဲကစားချိန်က ဥရောပပရိသတ်တွေအတွက် အချိန်ကောင်းဖြစ်ခဲ့ပေမဲ့ အသင်းတွေကတော့ ဒုက္ခရောက်ခဲ့ပါတယ်။ ဒီအခြေအနေမှာ မိနစ်(၉၀)စလုံး စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ကစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး''လို့ အန်နရီကေးက ပြောကြားခဲ့ပါတယ်။
အဲဒီပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဗီတင်ညာကလည်း ''အက်သလက်တီကိုအတွက်တော့ နည်းနည်းပိုခက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဘောလုံးမရလို့ပါ။ ကျွန်တော့်အတွက်တော့ ပြေးရတဲ့အချိန်မှာ ပိုခက်ပါတယ်။ ကစားရတာ တကယ်ကို ခက်ခဲခဲ့ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
အဲဒီပွဲကို ဒေသစံတော်ချိန် နေ့လယ် ၁၂းဝ၀ နာရီမှာ ကစားခဲ့တာဖြစ်ပြီး အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်နီးပါး ရှိတာကြောင့် Cooling Time တွေ သတ်မှတ်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group