Eleven Media Group

■ လာမယ့်သောကြာနေ့မှာ လီဗာပူးလ်အသင်းနဲ့ ဖလော်ရီယန်ဗက်ဇ် ဆေးစစ်မှုခံယူမယ်

Photo: Florian Wirtz X

လီဗာပူးလ်အသင်းကို ပြောင်းရွှေ့တော့မယ့် ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ဟာ သောကြာနေ့မှာ အသင်းသစ်နဲ့ ဆေးစစ်မှုခံယူဖို့ရှိတယ်လို့ သိရပါတယ်။

ဗြိတိန်သတင်းစာ The Athletic က ဗက်ဇ်ရဲ့ဆေးစစ်မှုခံယူမယ့်နေ့ကို ဖော်ထုတ်ရေးသားလာတာဖြစ်တယ်။

ဗက်ဇ်ရဲ့အပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက အပြီးသတ်သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဗက်ဇ်ရဲ့ပြောင်းရွှေ့ကြေးအတွက် ကနဦး ပေါင် သန်း ၁၀၀ ပေးချေရမှာပါ။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဗိုလ်စွဲမှုအပါအဝင် တခြားစွမ်းဆောင်ရည်တွေပေါ်မူတည်ကာ Add-ons ကြေး ပေါင် ၁၆ သန်း ထပ်ပေးရမှာဖြစ်တယ်။

အသက် ၂၂ နှစ်သာရှိသေးတဲ့ ဗက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိနေပါတယ်။

ဗက်ဇ်အဖို့ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး လီဗာပူးလ်ကို ရွေးချယ်ခဲ့တာပါ။

ဗက်ဇ်ဟာ လက်ရှိမှာ အားလပ်ရက်အပန်းဖြေနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group