Eleven Media Group

■ မန်ယူနိုက်တက်အသင်းရဲ့ နှစ် ၁၅၀ ပြည့် ၂၀၂၈ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလား ရရှိရေး ပစ်မှတ်ထားနေဆဲလို့ ဘယ်ရာဒါ ထပ်လောင်းပြောကြား

Photo: Gettyimages

မန်ယူနိုက်တက်အသင်းရဲ့ နှစ် ၁၅၀ ပြည့် ၂၀၂၈ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလား ရရှိရေး ပစ်မှတ်ထားနေဆဲလို့ အသင်းအမှုဆောင်အရာရှိချုပ် ဘယ်ရာဒါက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘယ်ရာဒါဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း ၂၀၂၈ မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ဆန္ဒရှိနေတယ်လို့ အသင်းဝန်ထမ်းတွေကို ထုတ်ပြောခဲ့ဖူးပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ တန်းဆင်းခဲ့တဲ့ ၁၉၇၃-၇၄ ရာသီကတည်းက အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့် ၁၅ နေရာမှာသာ ရှိခဲ့တာပါ။

ဒါ့အပြင် လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုလည်း လွဲချော်ခဲ့ပါတယ်။

ဘယ်ရာဒါဟာ ကလပ်ပရိသတ်တွေ ရေးသားထုတ်ဝေတဲ့ United We Stand မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ကို ထပ်ပြောခဲ့တာဖြစ်တယ်။

''အချိန်ကာလတစ်ခုအတွင်း စီးရီးအလိုက်ပစ်မှတ်တွေကို ထူထောင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်အပေါ် ကြိုးစားအားထုတ်မှု၊ ခွန်အားတွေနဲ့ အာရုံစိုက်ထားနိုင်ပါတယ်။ အသင်းအနေနဲ့ ၂၀၂၈ မှာ
ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်မလားဆိုရင် တကယ်တော့ အဆင့် ၁၅ သာရခဲ့တဲ့ ကျွန်တော်တို့အဖို့ မဖြစ်နိုင်တဲ့ စမ်းသပ်မှုပါပဲ။ ဒါပေမဲ့ ဘာကြောင့် ကျွန်တော်တို့ ဒီအရာအတွက် ဆန္ဒမရှိရမှာလဲ၊ ဘာကြောင့် ကျွန်တော်တို့ရဲ့
စွမ်းအားတွေနဲ့ အရာရာတိုင်း ဘာကြောင့် မလုပ်နိုင်ရမှာလဲ''လို့ ဘယ်ရာဒါက ပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကနေ မန်ယူနိုက်တက်အသင်းထံ ရောက်လာတဲ့ ဘယ်ရာဒါက လက်ရှိအသင်းရဲ့အခြေအနေကို လျင်မြန်စွာပြောင်းလဲနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဘယ်ရာဒါက ''ကျွန်တော်တို့ ဒါကို လုပ်နိုင်မယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက် နှစ်ခု သို့မဟုတ် သုံးခုမှာ ပရီးမီးယားလိဂ်ချန်ပီယံအတွက် ယှဉ်ပြိုင်နိုင်တဲ့အသင်းကို တည်ဆောက်ရမှာပါ။
ကျွန်တော်တို့ ဗိုလ်မစွဲချင်ဘူးလို့ အခုချိန်အထိ ဘယ်သူမှ မပြောကြပါဘူး။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်အတွက် တိကျတဲ့ အချိန်ကာလတစ်ခုနဲ့ သွားဖို့ ကိုယ်တိုင်ပြင်ဆင်ထားပါတယ်''လို့ ဘယ်ရာဒါက ပြောခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group