
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ဆော်ဒီကလပ် (၃) သင်း အပြိုင်ကြိုးပမ်းနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) ပေးဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
တောင်ကိုရီယားလက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အခုနွေမှာ အသင်းပြောင်းရွှေ့့ရဖွယ်ရှိနေတယ်လို့ သတင်းထွက်နေတာပါ။
စပါးအသင်းဟာ ဇူလိုင်လမှာ အသက် (၃၃) နှစ်ပြည့်မယ့် ဆွန်ဟောင်မင်ကို ပြောင်းရွှေ့ကြေး ရနိုင်တဲ့ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။
talkSPORT ရဲ့ ဖော်ပြချက်အရ ဆော်ဒီကလပ်တွေဖြစ်တဲ့ အယ်လ်အာလီ၊ အယ်လ်ကွက်ဆီယက်စ်နဲ့ အယ်လ်နာဆာအသင်းတွေက ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက အာရှချန်ပီယံလိဂ်ချန်ပီယံ အယ်လ်အာလီအသင်းက အသင်းကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ဆော်ဒီကလပ် (၃) သင်းစလုံးဟာ ဆွန်ဟောင်မင်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) (ပေါင် ၃၄ သန်း) ပေးချေဖို့ အသင့်ရှိနေတယ်လို့လည်း talkSPORT က ဖော်ပြခဲ့တာပါ။