Eleven Media Group

■ ဘာပေအနေနဲ့ Ballon d'Or ဆု (၅) ကြိမ်လောက် ရနိုင်တယ်လို့ ရာမို့စ် ဆို

Photo: Getty Images

မက္ကဆီကိုကလပ် မွန်တာရေးအသင်းမှာ ကစားနေတဲ့ စပိန်ဝါရင့်နောက်ခံကစားသမား ရာမို့စ်က ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေအနေနဲ့ လာမယ့် (၁၀) နှစ်အတွင်း Ballon d'Or ဆု (၄)၊ (၅) ကြိမ်လောက် ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့ပေမဲ့ ဘာပေဟာ ပြိုင်ပွဲစုံ (၅၆) ပွဲမှာ (၄၃) ဂိုးအထိ သွင်းယူခဲ့ပြီး လာလီဂါ (၃၄) ပွဲမှာ (၃၁) ဂိုးအထိ သွင်းယူခဲ့တာကြောင့် လာလီဂါရွှေဖိနပ်ဆုနဲ့ ဥရောပရွှေဖိနပ်ဆုတွေကို ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဘာပေဟာ အသင်းနဲ့အတူ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ၂၀၂၅ Ballon d'Or ဆုအတွက် ရေပန်းစားတဲ့ စာရင်းမှာ မပါဝင်ဘဲ PSG တိုက်စစ်မှူး ဒမ်ဘီလီ၊ ဘာစီလိုနာတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ယမားလ်နဲ့ ရာဖင်ညာ၊ လီဗာပူးလ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာတို့ကသာ အဲဒီဆုအတွက် ရေပန်းစားနေတယ်လို့ သိရပါတယ်။

ရာမို့စ်ကတော့ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဘာပေအနေနဲ့ အနာဂတ်မှာ Ballon d'Or ဆုကို လွှမ်းမိုးနိုင်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"Ballon d'Or ဆုကိုသာ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ပြီး ပေးခွင့်ရှိခဲ့မယ်ဆိုရင် ဘာပေအနေနဲ့ လာမယ့် (၁၀) နှစ်အတွင်း အဲဒီဆုကို (၄)၊ (၅) ကြိမ်လောက် ရမှာပါ။ အဲဒီထက်တောင် ပိုနိုင်ပါသေးတယ်။ သူက ပါရမီရှင်ပါ။ ပြီးတော့ သူက ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲတွေမှာ သူ ဘယ်လိုကစားသမားမျိုးဆိုတာကို သက်သေပြပြီးပါပြီး။ သူဟာ ပြီးခဲ့တဲ့ရာသီက ဥရောပရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။ အဲဒါက သူဟာ တခြားကစားသမားတွေထက် ပိုကောင်းတယ်ဆိုတဲ့ သက်သေပါပဲ"လို့ ပြောဆိုခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group