
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဘယ်ရာဒါက အခုနွေမှာ ခေါ်ယူထားတဲ့ ဝုလ်ဗ်တိုက်စစ်ကစားသမား ကူညာဟာ အသင်းဂန္ထဝင် ကန်တိုနာလို ကစားသမားမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇွန်လ (၁၂) ရက်မှာ ဝုလ်ဗ်တိုက်စစ်ကစားသမား ကူညာ ပေါင် (၆၂.၅) သန်းနဲ့ ခေါ်ယူပြီး (၅) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။
အသက် (၂၆) နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ကူညာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပရီးမီးယားလိဂ် (၃၃) ပွဲမှာ (၁၅) ဂိုးသွင်းယူခဲ့ပါတယ်။
ကူညာဟာ ပရီးမီးယားလိဂ်မှာ သက်သေပြပြီးသား ကစားသမားဖြစ်လို့ မန်ချက်စတာယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဘယ်ရာဒါက သူရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်နေပြီး အသင်းဂန္ထဝင် ကန်တိုနာလိုပဲ အသင်းကို အကျိုးပြုနိုင်မယ်လို့ ပြောကြားခဲ့တာပါ။
ဘယ်ရာဒါက "ကူညာက ယူနိုက်တက်ပရိသတ်တွေ ချစ်ကြမယ့် ကစားသမားလို့ ထင်ပါတယ်။ သူဟာ နေရာ (၃) နေရာမှာ ကစားနိုင်သူဖြစ်သလို နည်းစနစ်ပိုင်းကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။ သူက ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပြီး ကိုယ်တိုင်ဂိုးတွေ သွင်းနိုင်သလို ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်ပရိသတ်တွေကို ထိုင်ခုံက ထလာအောင် စွမ်းဆောင်နိုင်မယ့်သူလို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ကူညာရဲ့ ခပ်တည်တည်နေတတ်တဲ့ စရိုက်ကြောင့် လူတွေ သူ့ကို နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ အားမနာတမ်း ပြောရမယ်ဆိုရင် သူဟာ ကန်တိုနာလို ကစားသမားမျိုးပါ။ ကျွန်တော်တို့အနေနဲ့ အရေးကြီးတဲ့ ကစားသမားကို ရလိုက်တာပါ"လို့ ပြောကြားခဲ့ပါတယ်။
ဆက်ပြီးတော့ ဘယ်ရာဒါက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းနဲ့ကိုက်ညီတဲ့ ကစားသမားသစ်တွေကို ဆက်လက်ခေါ်ယူနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။