
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက အသင်းထံ လာရောက်လည်ပတ်ခဲ့ပြီး သူ့ကို လက်မှတ်ထိုးဂျာစီ လက်ဆောင်ပေးခဲ့တဲ့ အီတလီဂန္ထဝင် ရောဘတ်တိုဘက်ဂီယိုကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ Instagram မှာ ရေးသားခဲ့ပါတယ်။
အသက် (၅၈) နှစ်အရွယ် အီတလီဂန္ထဝင်တိုက်စစ်မှူး ရောဘတ်တိုဘက်ဂီယိုဟာ ဖီဖာရဲ့ ဖိတ်ကြားမှုနဲ့ အမေရိကန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဖီဖာကကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အထူးဧည့်သည်တော်အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဘက်ဂီယိုဟာ အမေရိကန်နိုင်ငံရောက်ရှိနေစဉ် အင်တာမိုင်ယာမီအသင်းထံ သွားရောက်လည်ပတ်ခဲ့ပြီး အသင်းနည်းပြ မာရှေယာနို၊ အသင်းခေါင်းဆောင် မက်ဆီအပါအဝင် အသင်းကစားသမားတွေနဲ့ တွေ့ဆုံစကားပြောခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ ဘက်ဂီယိုဟာ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ ဝတ်ဆင်ကစားခဲ့တဲ့ အီတလီလက်ရွေးစင်ဂျာစီကို လက်မှတ်ရေးထိုးပြီး အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မက်ဆီက ဘက်ဂီယိုကို သမိုင်းဝင်ဘောလုံးဂန္ထဝင်အဖြစ် ချီးကျူးခဲ့ပြီး သူ့ကို အမှတ်တရလက်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း သူ့ရဲ့ Instagram မှာ ရေးသားခဲ့တာပါ။
"အံ့သြစရာကောင်းတဲ့ လာရောက်လည်ပတ်မှုပါပဲ။ အဓိပ္ပာယ်ရှိတဲ့ အထူးလက်ဆောင်နဲ့အတူ ကျွန်တော်တို့ စကားပြောခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ရောဘတ်တို(ဘက်ဂီယို)။ ခင်ဗျားက ကြယ်ပွင့်ဖြစ်ပြီး သမိုင်းဝင်ဘောလုံးဂန္ထဝင်ပါ။ ခင်ဗျားအနေနဲ့ ကျွန်တော်တို့ဆီကို ကြိုက်တဲ့အချိန် လာရောက်လည်ပတ်နိုင်ပါတယ်။ ကျွန်တော်တို့ ခင်ဗျားကို အမြဲကြိုဆိုနေပါတယ်"လို့ မက်ဆီက သူ့ရဲ့ Instagram မှာ ရေးသားခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲမှာ အယ်လ်အာလီအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ဇွန် (၁၉) ရက်(ကြာသပတေးနေ့)မှာ ပေါ်တိုအသင်းနဲ့ အုပ်စုဒုတိယပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။