
မန်စီးတီး - ဝီဒက် (မြန်မာစံတော်ချိန် ဇွန် ၁၈ ရက် ည ၁၀:၃၀ နာရီ)
မန်စီးတီးက ဒီပြိုင်ပွဲမတိုင်ခင် အိတ်နူရီ၊ ဘက်တင်နယ်လီ၊ ရှက်ကီ၊ ရိုင်ဒါစ်တို့ (၄) ဦးကို ပေါင်သန်း (၁၀၀) ကျော် အသုံးပြုပြီး အင်အားဖြည့်တင်းထားတယ်။ မန်စီးတီးရဲ့ ပြင်ဆင်မှုက အားရစရာကောင်းပြီး ပြီးခဲ့တဲ့ရာသီ ကျဆုံးမှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ချေဖျက်နိုင်ဖို့ ရည်ရွယ်ထားမှန်း သိသာတယ်။ မော်ရိုကိုကလပ် ဝီဒက်အသင်းကတော့ ပြည်တွင်းမှာ အအောင်မြင်ဆုံးဖြစ်ပေမဲ့ မန်စီးတီး ယှဉ်နိုင်ဖို့တော့ မရှိဘူး။ မန်စီးတီး ဂိုးပြတ်အနိုင်ရလဒ်နဲ့ တာထွက်မှာပါ။
ရီးယဲလ်မက်ဒရစ် - အယ်လ်ဟီလာ (မြန်မာစံတော်ချိန် ဇွန် ၁၉ ရက် နံနက် ၁:၃၀ နာရီ)
ဒီနွေရာသီမှာ အပြောင်းအလဲကြီးကြီးမားမား လုပ်ထားတဲ့ အသွင်သစ် ရီးယဲလ်အသင်းကို ပထမဆုံး မြင်တွေ့ရမယ့်ပွဲပါ။ ရီးယဲလ်အသင်းက အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားသလို အာနိုးလ်၊ ဟိုင်ဆန်တို့ကို ခေါ်ယူထားတယ်။ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကလည်း ကူလီဘလီ၊ လိုဒီ၊ နေဗက်စ်၊ မီထရိုဗစ်၊ မီလင်ကိုဗစ်၊ ကန်ဆယ်လို၊ မဲလ်ကွန်၊ ဘူနူတို့လို ထိပ်တန်းကစားသမားတွေနဲ့ အင်အားတောင့်တင်းပါတယ်။ ရီးယဲလ်အသင်း အထိုင်မကျနိုင်သေးလို့ အယ်လ်ဟီလာကို ပိုကြိုက်တယ်။
ပါချူကာ - ဆာလ်ဇ်ဘာ့ဂ် (မြန်မာစံတော်ချိန် ဇွန် ၁၉ ရက် နံနက် ၄:၃၀ နာရီ)
မက္ကဆီကိုကလပ် ပါချူကာက ပြည်တွင်းကစားသမားအများစုနဲ့ ဖွဲ့စည်းထားပြီး အင်အားကောင်းတဲ့ အသင်းပါ။ ဆာလ်ဇ်ဘာ့ဂ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီ သြစတြီးယားလိဂ်မှာ အဆင့် (၂) ပဲ ရခဲ့တယ်။ နှစ်သင်းစလုံး အင်အား သိပ်မကွာလို့ ပွဲကောင်းတစ်ပွဲ ဖြစ်နိုင်တယ်။ အနိုင်ဆိုရင်တော့ ကစားသမားအင်အား ပိုတောင့်တဲ့ ဆာလ်ဇ်ဘာ့ဂ်ကို ရွေးချင်တယ်။
အယ်လ်အိန်း - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇွန် ၁၉ ရက် နံနက် ၇:၃၀ နာရီ)
ယူအေအီးကလပ် အယ်လ်အိန်းအသင်းက ၂၀၂၄-၂၅ ရာသီ ပြည်တွင်းလိဂ်မှာ အဆင့် (၅) နေရာပဲ ရပ်တည်နိုင်ခဲ့တယ်။ ဂျူဗင်တပ်စ်အသင်းကတော့ မော့တာနဲ့ နေရာမှာ တူဒေါနဲ့ အပြောင်းအလဲ လုပ်တာ မှန်ကန်သွားပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့တယ်။ လူအင်အားအရလည်း ပိုသာလို့ ဂျူဗင်တပ်စ်အသင်း ဂိုးပြတ် အနိုင်ရဖို့ ရှိတယ်။