Eleven Media Group

■ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်း တတိယနေရာလုပွဲမှာ အသင်းငယ်အင်ဒိုနီးရှားကို ရှုံးနိမ့်

Photo: MFF

၂၀၂၅ အာဆီယံ ယူ- ၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ ဒီကနေ့ညနေမှာ ကစားတဲ့ တတိယနေရာလုပွဲမှာ အင်ဒိုနီးရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ ပွဲကစားချိန် မိနစ် (၉၀) ပြီးဆုံးချိန်အထိ အင်ဒိုနီးရှားအသင်းဘက်ကို ဂိုးမသွင်းနိုင်ခဲ့ပဲ ဂိုးမရှိသရေကျခဲ့ပါတယ်။

ဒါကြောင့် အချိန်ပို ဆက်မကစားရပဲ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာတော့ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ အင်ဒိုနီးရှားအသင်းကို (၅-၆) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ ၂၀၂၅ အာဆီယံ ယူ- ၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ဗီယက်နမ်ကို (၀-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး လာအိုကို (၆-၀) ဂိုး၊ တီမောကို (၇-၀) ဂိုးတွေနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်မှာ ထိုင်းအသင်းကို (၁-၅) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တတိယနေရာလုပွဲသာ ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ တတိယနေရာလုပွဲမှာ အာဆီယံဒေသတွင်းအသင်းငယ် အင်ဒိုနီးရှားအသင်းကိုတောင် အနိုင်မရရှိပဲ တတိယဆုကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းဟာ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ ဗိုလ်လုပွဲ တက်ရောက်ဖူးခြင်း မရှိသေးပဲ တတိယဆု (၂) ကြိမ်သာ ရရှိထားပါတယ်။

မူရင်းသတင်း — Eleven Media Group