
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က (၄)နှစ်အကြာမှာ ကျင်းပမယ့် ၂၀၂၉ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာပဲ ကျင်းပသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
လက်ရှိကျင်းပနေတဲ့ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေ ကွင်းအတွင်း လာရောက်ကြည့်ရှုမှု နည်းပါးနေပေမဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ စပွန်ဆာအကူအညီများစွာ ရရှိနေတာကြောင့် ၂၀၂၉ ပြိုင်ပွဲကိုလည်း အမေရိကန်မှာ ဆက်ကျင်းပဖို့ ဖီဖာက ဆန္ဒရှိနေတာလို့ သိရပါတယ်။
အမေရိကန်ကလည်း ၂၀၂၉ ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ထပ်မံရွေးချယ်ခံသွားဖို့ စီစဉ်ထားသလို၊ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်၊ သြစတြေးလျက တစ်နိုင်ငံတည်း ဒါမှမဟုတ် နယူးဇီလန်နဲ့ ပူးတွဲအိမ်ရှင်အဖြစ် ရွေးချယ်ခံဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဖီဖာက ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း(၃၂)သင်း ပါဝင်တဲ့ပြိုင်ပွဲအဖြစ် တိုးချဲ့ခဲ့သလို လာမယ့် ၂၀၂၉ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၄၈)သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ် ထပ်မံတိုးချဲ့ဖို့ စဉ်းစားနေကြောင်းလည်း သတင်းထွက်နေပါတယ်။
လောလောဆယ် ၂၀၂၉ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရမယ့်အသင်း(၄)သင်း အဖြေထွက်ထားပြီး အဲဒီအသင်းတွေက PSG(ဥရောပ)၊ ခရုဇ်အဇူလ်(ကွန်ကာကပ်ဖ်)၊ အယ်လ်အာလီ(အာရှ)နဲ့ ပိရမစ်(အာဖရိက)တို့ ဖြစ်ပါတယ်။