
စပါးအသင်းရဲ့ နည်းပြသစ် သောမတ်စ်ဖရန့်ခ်က စပါးကို တိုက်စစ်အသင်းအဖြစ် ပုံဖော်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ အဆင့်(၁၇)နေရာသာ ရရှိခဲ့တာကြောင့် နည်းပြ ပိုစတီကိုဂလူးကို ရာထူးက ထုတ်ပယ်ပြီး သောမတ်စ်ဖရန့်ခ်ကို ပြောင်းလဲခန့်အပ်ခဲ့တာပါ။
ဒိန်းမတ်နည်းပြ သောမတ်စ်ဖရန့်ခ်က ပြီးခဲ့တဲ့ရာသီမှာ ဘရန့်ဖို့ဒ်အသင်းကို အဆင့်(၁၀)နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
စပါးအသင်းက သောမတ်စ်ဖရန့်ခ်ကို (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပြီး ဇွန်(၁၈)ရက်မှာ မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
အဲဒီမိတ်ဆက်ပွဲမှာ သောမတ်စ်ဖရန့်ခ်က အသင်းအပေါ် သူ့ရဲ့အမြင်တွေ၊ အနာဂတ်အတွက် ရည်ရွယ်ထားတာတွေကို ပြောကြားခဲ့တာပါ။
သောမတ်စ်ဖရန့်ခ်က တိုက်စစ်အသင်းအဖြစ် ပုံဖော်တဲ့နေရာမှာ စွန့်စားဖို့ လိုအပ်ကြောင်းနဲ့ အသင်းမှာ တိုက်စစ်ကစားသမားကောင်းတွေ အများအပြားရှိနေတဲ့အတွက် စိတ်လှုပ်ရှားတယ်လို့လည်း ဆိုခဲ့ပါတယ်။
''ဒီအသင်းက တိုက်စစ်ကို အားပြုကစားတဲ့အသင်းအဖြစ် သမိုင်းကြောင်းရှိနေပြီး လက်ရှိအသင်းမှာ တိုက်စစ်အရည်အသွေးရှိသူတွေလည်း အများကြီးရှိနေပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်ကလည်း ဂိုးတွေသွင်းတဲ့အသင်းကို သဘောကျတာကြောင့် တိုက်စစ်အသင်းအဖြစ် ပုံဖော်သွားချင်ပါတယ်။ ဒီအတွက် စွန့်စားဖို့၊ ရဲရင့်ဖို့တော့ လိုအပ်ပါတယ်'' လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။