Eleven Media Group

■ လီဗာပူးလ်မှာ ဖလော်ရီယန်ဗက်ဇ် ခြေစွမ်းပြနိုင်မယ်လို့ ဟက်စကီး သုံးသပ်

Photo: Getty Images

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဟက်စကီးက ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်အနေနဲ့ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အသက် (၂၂) နှစ်အရွယ် လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အပြင် Add-ons ကြေး ပေါင် (၁၆) သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဖလော်ရီယန်ဗက်ဇ်ကို ဆေးစစ်ဆေးမှု ပြုလုပ်ပြီး အပြောင်းအရွှေ့ကို အတည်ပြုဖွယ်ရှိတယ်လို့ သိရပါတယ်။

လီဗာပူးလ်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဟက်စကီးက ဖလော်ရီယန်ဗက်ဇ်ဟာ လီဗာပူးလ်မှာ ကစားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုလို ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

"ဖလော်ရီယန်ဗက်ဇ်ဟာ လီဗာပူးလ်အသင်း လိုအပ်နေတဲ့ ကစားသမားပါ။ လာမယ့်ရာသီသစ်မှာ လီဗာပူးလ်အသင်းဟာ ဖလော်ရီယန်ဗက်ဇ်နဲ့အတူ ပိုကောင်းလာမှာဖြစ်ပြီး ဂိုးတွေလည်း ပိုသွင်းနိုင်မယ်လို့ ထင်ပါတယ်။ ဖလော်ရီယန်ဗက်ဇ်က ကျပ်တည်းတဲ့အနေအထားမှာ နေရာလွတ်တွေကို ရှာဖွေနိုင်သူ ဖြစ်ပါတယ်။ သူက လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ကော်တင်ဟိုနဲ့ တူပါတယ်။ လီဗာပူးလ်က ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်ပြီး နေရာလွတ်တွေ ရှာဖွေနိုင်တဲ့ ကစားသမား လိုအပ်နေတာပါ။ ဖလော်ရီယန်ဗက်ဇ်က လီဗာပူးလ်အသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကစားသမားဖြစ်ပြီး လီဗာပူးလ်မှာ သူ အောင်မြင်မယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ဟက်စကီးက ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဟက်စကီးက ဖလော်ရီယန်ဗက်ဇ်ဟာ ပါရမီရှင်ကစားသမားဖြစ်ပြီး သူ့အတွက် လီဗာပူးလ်အသင်းအနေနဲ့ ငွေကြေးများစွာ အသုံးပြုခဲ့ခြင်းအပေါ် မအံ့သြဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group