
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ပယ်ဟင်ညာကို အငှားနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးရပ်တည်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာပါ။
မန်ချက်စတာယူနိုက်တက်နည်းပြ အာမိုရင်မ်ဟာ အတ္တလန်တာအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား အီဒါဆန်ကို ခေါ်ယူဖို့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် ပယ်ဟင်ညာကို အစားထိုးခေါ်ယူဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။
အသက် (၂၉) နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ကစားသမား ပယ်ဟင်ညာဟာ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီကမှ ဖူလ်ဟမ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းသို့ ပေါင် (၄၈) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမဲ့ သူဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၂၄) ပွဲသာ ကစားခဲ့ရပါတယ်။ ဒါကြောင့် ပယ်ဟင်ညာဟာ အခုနွေမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာပြီး ပွဲကစားခွင့်ရနိုင်မယ့် အသင်းတစ်သင်းသင်းသို့ အပြီးသတ် ဒါမှမဟုတ် အငှားပြောင်းရွှေ့ကစားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အဲဒီအနေအထားမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပယ်ဟင်ညာကို အငှားခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။