
အီတလီလက်ရွေးစင်အသင်းနည်းပြသစ် ဂတ်တူဆိုက လီဗာပူးလ်တိုက်စစ်ကစားသမား ခီယေဆာကို ပုံမှန်ပွဲကစားခွင့်ရမယ့်အသင်းဆီသို့ ပြောင်းရွှေ့ကစားဖို့ တိုက်တွန်းခဲ့ပါတယ်။
အသက် (၂၇) နှစ်အရွယ်ရှိ အီတလီတိုက်စစ်ကစားသမား ခီယေဆာဟာ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီကမှ ဂျူဗင်တပ်စ်အသင်းကနေ လီဗာပူးလ်အသင်းဆီသို့ ပေါင် (၁၀) သန်းနဲ့ ပြောင်းရွှေ့ကစားခဲ့တာပါ။
ဒါပေမဲ့ ခီယေဆာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လီဗာပူးလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၄) ပွဲ၊ မိနစ်အားဖြင့် (၄၄၆) မိနစ်သာ ကစားခွင့်ခဲ့ရတာ ဖြစ်ပါတယ်။
အခု အီတလီနည်းပြသစ် ဂတ်တူဆိုက ခီယေဆာအနေနဲ့ လက်ရွေးစင်အသင်းမှာ ပြန်လည်ကစားခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ရနိုင်တဲ့အသင်းကို ပြောင်းရွှေ့ကစားသင့်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဂတ်တူဆိုက "အီတလီလက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမခံရတဲ့ ကစားသမားတွေကို ကျွန်တော် ဖုန်းဆက်ခဲ့ပါတယ်။ အဲဒီထဲမှာ ခီယေဆာလည်း ပါဝင်ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို ပုံမှန်ပွဲကစားတာကို မြင်ချင်တယ်လို့ ပြောခဲ့တာပါ။ ကစားသမားတွေအနေနဲ့ ကွင်းအတွင်းမှာ ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် အီတလီလက်ရွေးစင်အသင်းက သူတို့အတွက် တံခါးဖွင့်ထားပါတယ်"လို့ ပြောကြားခဲ့တာပါ။
ခီယေဆာဟာ အခုနွေရာသီမှာ လီဗာပူးလ်အသင်းက ထွက်ခွာနိုင်ပြီး သူ့ကို ခေါ်ယူဖို့ နာပိုလီအသင်းက ထိပ်ဆုံးက ရေပန်းစားနေတယ်လို့ သိရပါတယ်။