Eleven Media Group

■ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွင်းအတွင်းလာရောက်ကြည့်ရှုသူ နည်းပါးနေပြီး ပွဲစဉ် (၁) ပြီးဆုံးချိန်မှာ (၅၆.၈) ရာခိုင်နှုန်းသာ ကြည့်ရှုသူရှိကာ ထိုင်ခုံနေရာလွတ် လေးသိန်းကျော်အထိရှိခဲ့

Photo: Getty Images

အမေရိကန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းအတွင်းလာရောက်ကြည့်ရှုသူ နည်းပါးနေပြီး ပွဲစဉ် (၁) ပြီးဆုံးချိန်မှာ (၅၆.၈) ရာခိုင်နှုန်းသာ ကြည့်ရှုသူရှိကာ ထိုင်ခုံနေရာလွတ် လေးသိန်းကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အခုပြိုင်ပွဲကစပြီး (၃၂) သင်းအဖြစ် ပြောင်းလဲကျင်းပလျက်ရှိပြီး ပွဲစဉ် (၁) ဖြစ်တဲ့ ပွဲစုစုပေါင်း (၁၆) ပွဲကို အားကစားကွင်း (၉) ခုမှာ ကျင်းပခဲ့ပါတယ်။

အဲဒီကွင်းတွေရဲ့ ပရိသတ်ဝင်ဆံ့မှုအရေအတွက် စုစုပေါင်းမှာ (၉၇၃၃၇၃) ဦးရှိပေမဲ့ ကွင်းအတွင်းလာရောက်ကြည့်ရှုသူ စုစုပေါင်း (၅၅၆၃၆၉) ဦးသာရှိလို့ ထိုင်ခုံ နေရာလွတ်စုစုပေါင်း (၄၂၃၀၀၄) ခုအထိ ကျန်ရှိခဲ့တာပါ။ ဒါကြောင့် ပွဲစဉ် (၁၆) ပွဲမှာ ကွင်းအတွင်းလာရောက်ကြည့်ရှုမှု (၅၆.၈) ရာခိုင်နှုန်းသာရှိပြီး ပွဲစဉ်တစ်ဝက်ခန့်မှာလည်း ပရိသတ်ဝင်ဆံ့မှုပမာဏရဲ့ (၅၀) ရာ ခိုင်နှုန်းသာရှိတယ်လို့ သိရပါတယ်။
ပရိသတ်အနည်းဆုံးပွဲမှာ ဖလော်ရီဒါပြည်နယ်ရှိ Inter & Co Stadium မှာ ကျင်းပခဲ့တဲ့ တောင်အာဖရိကကလပ် မာမီလိုဒီဆန်းဒေါင်းအသင်းနဲ့ တောင်ကိုရီးယားကလပ် အူလ်ဆန် HD အသင်းတို့ရဲ့ ပွဲစဉ်ဖြစ်ပြီး ပရိသတ် ၃၄၁၂ ဦး (ကွင်းဝင်ဆံ့မှု၏ ၁၃.၆ ရာခိုင်နှုန်း)သာ လာရောက် ကြည့်ရှုခဲ့ပါတယ်။
ဒါ့ပြင် ရေးဗားပလိတ်-အူရာဝရတ်ပွဲစဉ်မှာ (၁၇) ရာခိုင်နှုန်း၊ ဆာလ်ဇ်ဘာ့ဂ်-ပါချူကာ ပွဲစဉ်မှာ (၂၀) ရာခိုင်နှုန်းနဲ့ ချယ်လ်ဆီး-LAFC ပွဲစဉ်မှာ (၃၁) ရာခိုင်နှုန်းသာ ကြည့်ရှုသူ ရှိခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အခုပြိုင်ပွဲအတွက် လက်မှတ်စောင်ရေ (၁.၅) သန်း ရောင်းချထားရကြောင်း၊ အုပ်စုပွဲစဉ်တွေအတွက် ရောင်းချရမှုအများဆုံး (၅) ပွဲအနက် (၄) ပွဲကျန်ရှိနေသေးကြောင်း ထုတ်ပြန်ထားတာပါ။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ် (၁) ရဲ့ ပရိသတ်ကြည့်ရှုမှုအများဆုံးပွဲမှာ ကယ်လီဖိုးနီးပြည်နယ်ရှိ Rose Bowl Stadium မှာ ကျင်းပခဲ့တဲ့ PSG-အက်သလက်တီကိုပွဲစဉ်ဖြစ်ပြီး (၈၀၆၁၉) ဦး လာရောက်ကြည့်ရှုခဲ့ပါတယ်။

ပြီးတော့ လူနေထူထပ်တဲ့ မိုင်ယာမီမြို့မှာ ကျင်းပတဲ့ ပွဲစဉ်တွေမှာလည်း ပရိသတ်ကြည့်ရှုမှုနှုန်းမြင့်မားပြီး ရီးယဲလ်-အယ်လ်ဟီလာပွဲမှာ (၆၂၄၁၅) ဦး၊ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ အင်တာမိုင်ယာမီ-အယ်လ်အာလီပွဲမှာ ၆၀၉၂၇ ဦး၊ ဘိုကာဂျူနီယာ-ဘင်ဖီကာပွဲမှာ ၅၅၀၀၀ ဦး လာရောက်ကြည့်ရှုခဲ့တာပါ။
ဒေသခံဂျာနယ်လစ်ဖြစ်သူ ရောဘတ်ဆန်ကတော့ ပရိသတ်ကြည့်ရှုမှုနည်းပါးခြင်းမှာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဘောလုံးအပေါ် စိတ်ဝင်စားမှုမရှိခြင်းမဟုတ်ဘဲ ရုံးဖွင့်ရက်တွေမှာ ညပိုင်းအချိန်မဟုတ်ဘဲ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၂ နာရီ၊ ၃ နာရီစတဲ့ အချိန်တွေမှာ ယှဉ်ပြိုင်ကစားခြင်းကြောင့်ဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group