Eleven Media Group

■ ဂိုးသမား ဂါစီယာကို ခေါ်ယူနိုင်ပြီးနောက် စိတ်လှုပ်ရှားစရာခေါ်ယူမှု ထပ်မံပြုလုပ်ဦးမယ်လို့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ အသိပေး

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ယိုအန်လာပေါ်တာက အခုနွေရာသီအတွက် ပထမဆုံးခေါ်ယူမှုအဖြစ် ဂိုးသမား ယိုအန်ဂါစီယာကို ခေါ်ယူနိုင်ပြီးနောက် စိတ်လှုပ်ရှားစရာခေါ်ယူမှု ထပ်မံပြုလုပ်ဦးမယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ကတ်တလန်ဒါဘီပြိုင်ဘက် အက်စ်ပန်ညိုအသင်းဂိုးသမား ဂါစီယာကို စာချုပ်လျော်ကြေး ယူရို ၂၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဂါစီယာကို ခေါ်ယူနိုင်ပြီးနောက် ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာက စိတ်လှုပ်ရှားစရာခေါ်ယူမှု ထပ်မံပြုလုပ်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ ကစားသမားတစ်ဦး ခေါ်ယူလိုက်ပါပြီ။ တကယ်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နောက်ထပ်ခေါ်ယူမှုလုပ်နိုင်ဖို့ ကျွန်တော်တို့ လုပ်နေပါတယ်"လို့ လာပေါ်တာက အသင်းအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့တာပါ။

ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုကလည်း တောင်ပံကစားသမားတစ်ဦး ခေါ်ယူလိုကြောင်း ပြီးခဲ့တဲ့မေလအတွင်း ပြောကြားထားပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်ကစားသမားစာရင်းမှာ ဘီလ်ဘာအိုအသင်းက နီကိုဝီလီယံ၊ လီဗာပူးလ်အသင်းက လူးဝစ်ဒီယက်ဇ်၊ မန်ယူအသင်းက ရပ်ရှ်ဖို့ဒ်နဲ့ PSV အသင်းက ၀ါရင့်ကစား သမား ပါရီဆစ်တို့ပါဝင်ကြောင်း ခန့်မှန်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မူရင်းသတင်း — Eleven Media Group