Eleven Media Group

■ ဒယ်လပ်ကို ပွဲထွက်ကစားခွင့်ပေးတဲ့အပေါ် မာရက်စကာ ပြန်လည်ရှင်းလင်း

Photo: Gettyimages

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာက ဖလာမင်ဂိုအသင်းကို ၁-၃ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲမှာ နီကိုးလက်စ်ဂျက်ဆင်အစား ဒယ်လပ်ကို ပွဲထွက်ကစားခွင့်ပေးခဲ့တဲ့အပေါ် ပွဲအပြီးမှာ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

ဒယ်လပ်ဟာ LAFC အသင်းနဲ့ပွဲမှာ လူစားဝင်ကစားကာ ပွဲဦးထွက်ခဲ့ပြီး အခု ဖလာမင်ဂိုနဲ့ပွဲမှာ ပထမဆုံးပွဲထွက် ကစားခွင့်ရခဲ့ပါတယ်။

ဒယ်လပ်က LAFCနဲ့ပွဲမှာ ဒုတိယဂိုးကို ဖန်တီးပေးခဲ့ကာ အခုပွဲမှာတော့ ပွဲအစ ခြောက်မိနစ်မှာပဲ ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပေမဲ့ ပြိုင်ဘက်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဖလာမင်ဂိုနဲ့ပွဲမှာ နယ်တို သွင်းယူတဲ့ ၁၃ မိနစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ သုံးဂိုးပြန်ပေးရကာ အရေးနိမ့်ခဲ့ပါတယ်။

''သူတို့နှစ်ဦးစလုံးက အရမ်းကောင်းကြပါတယ်။ ဘယ်သူကစားရမလဲဆိုတာကို ကျွန်တော်တို့ တစ်ပွဲချင်းပဲ ဆုံးဖြတ်ပါတယ်။ ချာလိုဘာလို တခြားကစားသမားတချို့လည်း ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ကျွန်တော် အပြောင်းအလဲတချို့
ပြုလုပ်ခဲ့ပြီး သူတို့ဟာ ကောင်းတဲ့သူတွေဖြစ်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ သူတို့(ဒယ်လပ်နဲ့ ဂျက်ဆင်)က ကစားပုံ လုံးဝနီးပါးတူပါတယ်။ လီယမ်(ဒယ်လပ်)အနေနဲ့ အသင်းဖော်တွေ၊ ကျွန်တော်တို့ကစားတဲ့ပုံစံ၊ သူ့ကို ကျွန်တော်တို့
ကစားချင်တဲ့ပုံစံနဲ့ အထိုင်ကျဖို့ အချိန်အနည်းငယ်တော့ လိုအပ်တယ်လို့ ကျွန်တော် ယူဆပါတယ်''လို့ မာရက်စကာက ပြောခဲ့ပါတယ်။

မာရက်စကာဟာ LAFCနဲ့ပွဲလူစာရင်းကို လေးနေရာအပြောင်းအလဲ လုပ်ခဲ့ပါတယ်။

ဒယ်လပ်ကိုတော့ ၆၄ မိနစ်မှာ နီကိုးလက်စ်ဂျက်ဆင်နဲ့ လူစားလဲခဲ့ပြီး ဂျက်ဆင်လည်း လေးမိနစ်အကြာမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

တစ်ယောက်အထုတ်ခံရမှ ချယ်လ်ဆီးအသင်း အနိုင်ဂိုးတွေ ပေးခဲ့ရပြီး ဂျက်ဆင်ကလည်း သူ့ရဲ့အနီကတ်အတွက် တောင်းပန်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group