
မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော်ဟာ ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲမှာ မော်ရိုကိုဖိုက်တာ မိုဟာမက်ကိုဖီကို အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
Ganzberg Kun Khmer လို့ အမည်ပေးထားတဲ့ ခွန်ခမာပြိုင်ပွဲကို ဇွန် (၁၉) ရက်က ကျင်းပခဲ့ပြီး တွဲဆိုင်း (၅) ဆိုင်း ပါဝင်ပါတယ်။ မူလက စိုးမိုးဇော်ဟာ အဲ့ဒီပြိုင်ပွဲမှာ တရုတ်ဖိုက်တာ လီဟီနဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပေမဲ့ ပြိုင်ပွဲနီးမှ ပြိုင်ဘက်ပြောင်းသွားတာ ဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲမှာ စိုးမိုးဇော်နဲ့ မော်ရိုကိုဖိုက်တာ မိုဟာမက်ကိုဖီတို့ဟာ ဒုခေါင်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး စိုးမိုးဇော်က အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ စိုးမိုးဇော်နဲ့ မော်ရိုကိုဖိုက်တာတို့ဟာ (၆၃.၅) ကီလိုတန်းမှာ ခွန်ခမာစည်းမျဉ်းအတိုင်း (၃) မိနစ်၊ (၃) ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာဖြစ်ပါတယ်။
စိုးမိုးဇော်ဟာ အခုပွဲမတိုင်ခင် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့ ဧပြီ (၂၆) ရက်က အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ဟန်ဆမန်နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ခြေထောက်ဒဏ်ရာကြောင့် ရှုံးနိမ့်ထားခဲ့ပါတယ်။
အဲဒီရှုံးပွဲအပြီးမှာ စိုးမိုးဇော်ဟာ ကမ္ဘောဒီးယားကနေ မြန်မာနိုင်ငံကို ပြန်လာပြီး ဆေးကုသမှုတွေ ခံယူခဲ့ပါတယ်။ နောက်ပိုင်းမှာ စိုးမိုးဇော်ဟာ အသေအချာ လေ့ကျင့်ပြင်ဆင်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပြီး တစ်လကျော်အကြာမှာတော့ ပွဲပြန်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
စိုးမိုးဇော်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ အခြေချနေထိုင်ပြီး ကမ္ဘောဒီးယားရိုးရာ ခွန်ခမာပွဲများစွာကို အစဉ်တစိုက် ထိုးသတ်နေသူဖြစ်ပြီး နိုင်ပွဲများစွာ ရရှိထားသူဖြစ်ပါတယ်။