Eleven Media Group

■ ဥရောပထိပ်တန်းအသင်းတွေ အားပြိုင်ကြမယ့် ဥရောပ ယူ-၂၁ ပြိုင်ပွဲ ကွာတားဖိုင်နယ်

Photo: UEFA

ဆလိုဗက်ကီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၅ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲကတော့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇွန်လ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ကစားပြီး ဇွန်လ ၂၁ ရက်မှာ ပေါ်တူဂီ-နယ်သာလန်နဲ့ စပိန်-အင်္ဂလန်၊ ဇွန်လ ၂၂ ရက်မှာ ဒိန်းမတ်-ပြင်သစ်နဲ့ ဂျာမနီ-အီတလီတို့ တွေ့ဆုံနေပါတယ်။

အုပ်စုအဆင့်မှာ အုပ်စု A ကနေ စပိန်နဲ့ အီတလီ၊ အုပ်စု B ကနေ ဂျာမနီနဲ့ အင်္ဂလန်၊ အုပ်စု C ကနေ ပေါ်တူဂီနဲ့ ပြင်သစ်၊ အုပ်စု D ကနေ ဒိန်းမတ်နဲ့ နယ်သာလန်အသင်းတို့ ကွာတားတက်ရောက်ခဲ့ကြပါတယ်။

လက်ရှိချန်ပီယံကတော့ အင်္ဂလန်အသင်းဖြစ်ပြီး ၂၀၂၃ ပြိုင်ပွဲမှာ စပိန်ကို အနိုင်ရကာ ဗိုလ်စွဲခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ပြိုင်ပွဲ ဗိုလ်လုပွဲရောက်နှစ်သင်းကတော့ ကွာတားဖိုင်နယ်အဆင့်မှာပဲ စောစောစီးစီး ရင်ဆိုင်ကစားရပါလိမ့်မယ်။

ကွာတားတက်ရောက်လာခဲ့တဲ့ ရှစ်သင်းထဲ အင်္ဂလန်အသင်းမှာ ကွမ်ဆာ၊ လစ်ဗရာမန်တို၊ မက္ကတီး၊ ဟတ်ချင်ဆန်၊ အာချီဂရေး၊ အီလင်းဂျူနီယာ၊ အဲလိယတ်နဲ့ နွမ်နယ်ရီ၊ စပိန်အသင်းမှာ မော်စကေရာ၊ ရာဖာမာရင်၊ ပါဘလိုတော်ရေး၊
ဟွမ်လူ၊ ဂျရတ်မာတင်နဲ့ ဂျီးဆပ်စ်ရိုဒရီဂွက်ဇ်၊ အီတလီအသင်းမှာ ရူဂျယ်ရီ၊ အန်ဒူအာ၊ ကာဆာဒိုင်း၊ နွန်တို၊ ဘယ်လ်ဒန်ဇီ၊ ကော်ပိုလာ၊ ပစ်ဆီလီနဲ့ ဖက်ဘီယန်၊ ဂျာမနီအသင်းမှာ ခနော့ဖ်၊ ဂရူဒါနဲ့ ရိုဆန်ဖယ်ဒါ၊ ပြင်သစ်အသင်းမှာ
လူကယ်ဘာ၊ အာဂူမီ၊ မက်ဂျီတဲလ်နဲ့ အော်ဒိုဘတ်၊ ပေါ်တူဂီအသင်းမှာ မားတီးယက်စ်ဖာနန်ဒက်စ်၊ ကွမ်ဒါ၊ ရိုဒရီဂိုဂိုးမက်စ်နဲ့ ကားလို့စ်ဖော့ဘ်၊ နယ်သာလန်အသင်းမှာ မတ်ဆန်၊ ကန်းနက်တေလာနဲ့ ရန့်ချ်စတဲ့ ထင်ရှားတဲ့ လူငယ်တချို့
ပါဝင်နေပါတယ်။

ဥရောပ ယူ-၂၁ ပြိုင်ပွဲသမိုင်းမှာ စပိန်နဲ့ အီတလီတို့က ချန်ပီယံ ငါးကြိမ်စီနဲ့ အအောင်မြင်ဆုံးဖြစ်နေပြီး ဂျာမနီနဲ့ အင်္ဂလန်တို့က သုံးကြိမ်စီ ဒုတိယအအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပါတယ်။

မူရင်းသတင်း — Eleven Media Group