Eleven Media Group

■ ဆယ်စုနှစ်သုံးခုနီးပါး ပိတ်ပင်ထားတဲ့ နိုင်ငံခြားသားဂိုးသမား ခေါ်ယူခွင့်ကို K-League ပြန်လည်ခွင့်ပြုမယ်

Photo: Gettyimages

တောင်ကိုရီးယားပရိုလိဂ်ပြိုင်ပွဲဖြစ်တဲ့ K-League ဟာ နိုင်ငံခြားသားဂိုးသမား ခေါ်ယူခွင့်ကို ၂၇ ခုနှစ်ကြာ ပိတ်ပင်ထားရာကနေ ပြန်လည်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

ဒီပိတ်ပင်မှုဟာ ၁၉၉၉ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်တယ်။

နိုင်ငံသားဂိုးသမားတွေ ပွဲကစားခွင့် ပိုရဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေတစ်ရပ်ထုတ်ပြန်ကာ ကန့်သတ်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၆ နှစ်ကတော့ တောင်ကိုရီးယားမှာ ပရော်ဖက်ရှင်နယ်ကလပ်အသင်း ၁၀ သင်းသာ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ လိဂ်ပြိုင်ပွဲကို နှစ်တန်းခွဲထားပြီး အသင်းပေါင်းကလည်း ၂၆ သင်းအထိ ယှဉ်ပြိုင်ကစားနေပါတယ်။

''၂၀၂၆ ခုနှစ်ကစတင်ပြီး ကလပ်အသင်းတွေကို နိုင်ငံခြားသားဂိုးသမားတွေ မှတ်ပုံတင်ဖို့ ခွင့်ပြုပါလိမ့်မယ်။ K-League အနေနဲ့ ၁၉၉၆ ခုနှစ်မှာ ကနဦး ကစားခွင့်ပိတ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ဥပဒေတစ်ရပ် ထုတ်ပြန်ကာ တားမြစ်ခဲ့ပါတယ်။ ပြည်တွင်းဂိုးသမားတွေ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးစေချင်လို့ပါ။ အဲဒီအချိန်မှာ ကလပ်အများစုက ဂိုးသမားနေရာအတွက် နိုင်ငံခြားသားကစားသမားတွေကို မှီခိုလွန်းအားကြီးခဲ့ပါတယ်''လို့ ကိုရီးယားပရော်ဖက်ရှင်နယ်လိဂ်အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group