
ချယ်လ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲမှာ ပြင်းထန်တဲ့ အပူဒဏ်ကို ခံစားရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် တူနီးရှားကလပ် ကျူးနစ်အသင်းနဲ့ ဇွန်(၂၄)မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီအချိန် ဖီလာဒဲလ်ဖီးယားမြို့မှာ အပူချိန် (၃၉)ဒီဂရီစင်တီဂရိတ်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဖီလာဒဲလ်ဖီးယားမြို့မှာ ကျန်းမာရေးဆိုင်ရာအပူချိန်အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားတဲ့ကာလလည်းဖြစ်ပြီး နေရောင်အောက် ဒါမှမဟုတ် ပူလောင်တဲ့ နေရာတွေမှာ အလုပ်မလုပ်ဖို့၊ မကစားဖို့ တားမြစ်ထားတယ်လို့လည်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက အဲဒီကွင်းမှာ အုပ်စုဒုတိယပွဲ ကစားခဲ့ပြီးဖြစ်ပေမဲ့ လာမယ့်ပွဲမှာ အပူချိန်ပိုမြင့်တက်နေမှာကြောင့် အခက်တွေ့ဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အမေရိကန်မှာ အပူချိန်မြင့်မားနေတာကြောင့် ဥရောပအသင်းတွေ ရုန်းကန်နေရပြီး ဘရာဇီးလ်ကလပ်အသင်းတွေ ရလဒ်ကောင်းနေတာဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ချယ်လ်ဆီးနည်းပြ မာရက်စကာကတော့ ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ ရင်မဆိုင်ရစေဖို့ အလှည့်ကျအသုံးပြုလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။