Eleven Media Group

ယမားလ်နဲ့ တွဲကစားချင်တယ်လို့ ရပ်ရှ်ဖို့ဒ် ပြောကြား

Photo: Daily Mail

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာကြယ်ပွင့် လာမင်းယမားလ်နဲ့ တွဲကစားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
စပိန် YouTuber နှစ်ယောက်နဲ့ တွေ့ဆုံမှုပြုလုပ်တဲ့ အစီအစဉ်မှာ ရပ်ရှ်ဖို့ဒ်ကို ဘာစီလိုနာစူပါစတား ယမားလ်နဲ့ တွဲကစားချင်သလားလို့ မေးတော့ ရပ်ရှ်ဖို့ဒ်က ကစားချင်တယ်လို့ ဖြေခဲ့တာပါ။
ရပ်ရှ်ဖို့ဒ်က ''ကစားချင်တာပေါ့။ လူတိုင်းက အကောင်းဆုံးကစားသမားနဲ့ တွဲကစားချင်ကြတာပဲလေ။ အဲဒီလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်က စပိန်နိုင်ငံက နေလို့ကောင်းပြီး အိမ်နဲ့ သိပ်မဝေးဘူးလို့လည်း ဆိုခဲ့ပါသေးတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိနည်းပြ အာမိုရင်မ်က သူ့ကို နေရာမပေးချင်တော့တာကြောင့် ရပ်ရှ်ဖို့ဒ်အနေနဲ့ အသင်းပြောင်းရွှေ့ရဖို့ အလားအလာများနေပါတယ်။
ဘာစီလိုနာအသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လက်ရှိအချိန်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ သူ့အစ်ကို မေနာ့ဒ်က ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုနဲ့ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ရပ်ရှ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)လောက်ရရင် ရောင်းထုတ်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group