Eleven Media Group

နည်းပြရာထူးအတွက် ဆောက်ဂိတ်ရဲ့ ကမ်းလှမ်းမှုကို ပိုလန်ဘောလုံးအဖွဲ့ချုပ် ငြင်းပယ်

Photo: X

ပိုလန်ဘောလုံးအဖွဲ့ချုပ်က နည်းပြရာထူးအတွက် ဆောက်ဂိတ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ပိုလန်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းနည်းပြ ပရိုဘီယာ့ဇ် ရာထူးက နုတ်ထွက်သွားတာကြောင့် လက်ရှိအချိန်မှာ နည်းပြလစ်လပ်နေပြီး နည်းပြသစ် ရှာဖွေနေပါတယ်။
ဒါကြောင့် အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်က ပိုလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခဲ့ပေမဲ့ ပိုလန်ဘောလုံးအဖွဲ့ချုပ်က ငြင်းပယ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ငြင်းပယ်ရတဲ့အကြောင်းကတော့ နိုင်ငံခြားသားနည်းပြတွေအနေနဲ့ ပိုလန်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေရမယ်လို့ အာမခံချက်မပေးနိုင်တာကြောင့်လို့ ပိုလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကူလက်စ်ဇာက ဆိုပါတယ်။
'' ဆောက်ဂိတ်ဆီက သူ့ကို ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်တို့ သတိရဖို့လိုတဲ့ အခြေခံအရာတစ်ခု ရှိပါတယ်။ ဘယ်နိုင်ငံခြားသား နည်းပြကမှ ကျွန်တော်တို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ အာမခံချက်မပေးတာပါပဲ။ သူသာ အဲဒီလို အာမခံနိုင်ခဲ့ရင် ကျွန်တော် သူ့ကို ချက်ချင်းခန့်အပ်လိုက်မှာပါ'' လို့ ကူလက်စ်ဇာက ပြောကြားခဲ့တာပါ။
ဆောက်ဂိတ်က ဒီနှစ်ထဲမှာ နည်းပြအလုပ် ပြန်မလုပ်သေးဘူးလို့ ပြောကြားထားခဲ့ပေမဲ့ ပိုလန်အသင်းကို ကိုင်တွယ်ဖို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်တာကြောင့် တခြားအသင်းတစ်သင်းကို ကိုင်တွယ်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လာပါတယ်။

မူရင်းသတင်း — Eleven Media Group