Eleven Media Group

အယ်လ်ဂျီးရီးယားမှာ ပွဲကြည့်စင်အပေါ်ထပ်က ပြုတ်ကျတာကြောင့် (၃)ဦးသေဆုံးပြီး (၇၀)ကျော် ဒဏ်ရာရ

Photo: MC Alger

အယ်လ်ဂျီးရီးယားနိုင်ငံမှာ ဘောလုံးကွင်းပွဲကြည့်စင်အပေါ်ထပ်က ပြုတ်ကျတာကြောင့် ပရိသတ်(၃)ဦးသေဆုံးပြီး (၇၀)ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီပွဲမှာ MC Alger အသင်းက အယ်လ်ဂျီးရီးယားအမှတ်ပေးချန်ပီယံဆုကို (၂)နှစ်ဆက် ရရှိခဲ့တာကြောင့် အောင်ပွဲခံဖို့ တိုးဝှေ့ကြရင်း ပွဲကြည့်စင်အပေါ်ထပ်မှာ ကာရံထားတဲ့ အရံအတားတွေ ပြုတ်ထွက်ပြီး အောက်ကို ပြုတ်ကျခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
အယ်လ်ဂျီးရီးယားကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူ(၃)ဦးနဲ့ ဒဏ်ရာရသူ (၇၀)ကျော်ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံ(၃)ခုမှာ ကုသပေးနေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
MC Alger အသင်းက ဘောလုံးသမားတွေနဲ့ ဝန်ထမ်းတွေက အဲဒီဆေးရုံတွေကို လိုက်ပါပြီး သွေးလှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အယ်လ်ဂျီးရီးယားသမ္မတကလည်း ဒီဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်းနဲ့ ဒဏ်ရာရရှိသူတွေ အမြန်ဆုံးသက်သာပျောက်ကင်းစေလိုကြောင်း ဆုတောင်းစကားဆိုခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group