
ရေးဗားပလိတ်အသင်းရဲ့ နည်းပြဖြစ်တဲ့ မာဆယ်လိုဂယ်လာဒိုက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အသက်(၄၀)ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုက ဒီနွေရာသီမှာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ ဆွေးနွေးနေပေမဲ့ အဆင်မပြေသေးပါဘူး။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ရေးဗားပလိတ်အသင်းက စီရော်နယ်လ်ဒိုကို မတ်လကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဂယ်လာဒိုက ''မတ်လအလယ်လောက်မှာ မိတ်ဆွေတစ်ယောက်ကတစ်ဆင့် သူ့ကို ဆက်သွယ်ခဲ့တာပါ။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်အသင်းအတွက် မင်းလိုကစားသမားမျိုးကို လိုချင်တယ်လို့ ပြောခဲ့တာပါ။ သူက ငါ နောက်ရာသီအတွက်ပဲ ပြင်ဆင်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုကို ရေးဗားပလိတ်အသင်းအပြင် ဝီဒတ်အသင်းနဲ့ ဖလူမင်နိစ်အသင်းတို့ကလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုးပမ်းခဲ့ကြောင်း သတင်းထွက်ခဲ့ပါတယ်။