
လက်ရှိကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းအတွင်း လာရောက်ကြည့်ရှုတဲ့ ပရိသတ်အရေအတွက် (၁.၁)သန်း ကျော်သွားခဲ့ပြီဖြစ်ပြီး တစ်သန်းမြောက်ပရိသတ်အဖြစ် ဝီဒတ်အသင်းရဲ့ ပရိသတ် ရာချီဒါအီလိုမာရီက မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ရာချီဒါက အမေရိကန်မှာ နေထိုင်နေတဲ့ မော်ရိုကိုလူမျိုးဖြစ်ပြီး မော်ရိုကိုကလပ် ဝီဒတ်အသင်း ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတာကြောင့် ပထမဆုံးအကြိမ်အဖြစ် ကွင်းထဲမှာ လာရောက်အားပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ်နဲ့ ဝီဒတ်အသင်း ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ရာချီဒါက ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တစ်သန်းမြောက်ပရိသတ်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ရာချီဒါက ''ဒါဟာ ကျွန်မဘဝမှာ ပထမဆုံးအကြိမ် ဘောလုံးကွင်းထဲ လာခဲ့ဖူးတာပါ။ ကိုယ့်အသင်း ကစားတာကို မြင်တွေ့ချင်တာကြောင့် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖီဖာက မျှော်မှန်းထားသလောက် ပရိသတ်တွေ လာရောက်အားပေးမှုမရှိပေမဲ့ ပွဲစဉ်(၃၂)ပွဲ ကစားအပြီးမှာတော့ ပရိသတ်(၁.၁၅)သန်းကျော် ရှိသွားခဲ့ပြီလို့ သိရပါတယ်။
ပရိသတ်အများဆုံးပွဲအဖြစ် မှတ်တမ်းဝင်နေတာကတော့ PSG နဲ့ အက်သလက်တီကိုတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲဖြစ်ပြီး (၈၀၆၁၉)ဦး လာရောက်ကြည့်ရှုခဲ့ကြတာပါ။