
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လက်မှတ်ပြန်ရောင်းတဲ့ ဝက်ဘ်ဆိုက် Vivid Seats နဲ့ တော့ဒ်ဘိုလီ ပတ်သက်နေမှုအတွက် ချယ်လ်ဆီးအသင်းကို မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးလည်းဖြစ်၊ အသင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ တော့ဒ်ဘိုလီဟာ Vivid Seats မှာ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
Vivid Seats က အားကစားပွဲတွေ၊ ဖျော်ဖြေရေးပွဲတွေရဲ့ လက်မှတ်တွေကို အွန်လိုင်းကတစ်ဆင့် ပြန်လည်ရောင်းချနေတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ ပွဲလက်မှတ်တွေကိုလည်း ရောင်းချပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ပွဲလက်မှတ်တချို့ကို တစ်စောင် ပေါင်(၂၀၀၀၀) လောက်အထိ စျေးတင်ပြီး ရောင်းခဲ့တယ်လို့ သိရပါတယ်။
ဒီလိုမျိုး ခွင့်ပြုချက်မရှိဘဲ လက်မှတ်တွေ ရောင်းချနေတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ အမာခံပရိသတ်အဖွဲ့က တော့ဒ်ဘိုလီကို စုံစမ်းအရေးယူပေးဖို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို တောင်းဆိုခဲ့တာပါ။
ဒါကြောင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က တော့ဒ်ဘိုလီနဲ့ Vivid Seats ရဲ့ ဆက်နွယ်မှုကို မေးခွန်းထုတ်ခဲ့ပြီး ရှင်းရှင်းလင်းလင်းရှိအောင် လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။