Eleven Media Group

ဥရောပ ယူ-၂၁ ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဂျာမနီနဲ့ ပြင်သစ်အသင်း တွေ့ဆုံ

Photo: X

၂၀၂၅ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတားဖိုင်နယ် လက်ကျန်နှစ်ပွဲမှာ ဂျာမနီနဲ့ ပြင်သစ်အသင်းတို့ အနိုင်ရပြီး ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။

ကွာတားဖိုင်နယ်ပွဲတွေမှာ ဂျာမနီအသင်းက အီတလီအသင်းကို ၃-၂ ဂိုး၊ ပြင်သစ်အသင်းက ဒိန်းမတ်အသင်းကို ၃-၂ ဂိုးတွေနဲ့ အနိုင်ယူခဲ့တာပါ။

ဂျာမနီ-အီတလီပွဲမှာ ဂျာမနီအသင်း အဖွင့်ဂိုးစပေးခဲ့ရပေမဲ့ ၂-၁ ဂိုးနဲ့ ပြန်ဦးဆောင်ခဲ့ကာ နာကျင်အချိန်ပိုမှာ ချေပဂိုးပေးလိုက်ရလို့ အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ရပြီး အချိန်ပိုပြီးဆုံးဖို့ သုံးမိနစ်အလိုမှာ အနိုင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဒိန်းမတ်-ပြင်သစ်ပွဲမှာတော့ ပြင်သစ်အသင်းက နှစ်ကြိမ်တိုင် နောက်ကလိုက်ကစားခဲ့ရကာ ၈၄၊ ၈၅ မိနစ်တွေမှာ နှစ်ဂိုးဆက် သွင်းနိုင်ခဲ့လို့ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

ပြင်သစ်အသင်းအတွက် တတိယဂိုးကို စပါးတိုက်စစ်မှူး မက်ဂျီတဲလ်က သွင်းယူပေးခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတွေကို ဇွန်လ ၂၅ ရက်မှာ ကစားမှာဖြစ်ပြီး အင်္ဂလန် - နယ်သာလန်၊ ဂျာမနီ - ပြင်သစ်တို့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။

ဆီမီးဖိုင်နယ်ရောက် လေးသင်းစလုံး ချန်ပီယံဟောင်းတွေဖြစ်ပြီး ဂျာမနီနဲ့ အင်္ဂလန်က သုံးကြိမ်စီ၊ နယ်သာလန်က နှစ်ကြိမ်နဲ့ ပြင်သစ်က တစ်ကြိမ် ဗိုလ်စွဲခဲ့ဖူးပါတယ်။

မူရင်းသတင်း — Eleven Media Group