Eleven Media Group

ဂျွန်တက်စ်တာရဲ့ ရှယ်ယာတွေ ရောင်းထုတ်လိုက်လို့ ပဲလေ့စ်အသင်း ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့်ရရှိ

Photo: Getty Images

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဂျွန်တက်စ်တာက သူ့ရဲ့ ရှယ်ယာတွေကို ရောင်းထုတ်လိုက်ပြီဖြစ်တာကြောင့် ပဲလေ့စ်အသင်းအနေနဲ့ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့် ရရှိပြီလို့ သိရပါတယ်။
ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ FA ဖလားရရှိခဲ့တာကြောင့် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။
ဒါပေမဲ့ အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဂျွန်တက်စ်တာက ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရထားတဲ့ လိုင်ယွန်အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ ပိုင်ရှင်တူ အသင်းနှစ်သင်း ပြိုင်ပွဲတစ်ခုတည်းမှာ ယှဉ်ပြိုင်ခွင့်မရှိတာကြောင့် ပဲလေ့စ်အသင်းအနေနဲ့ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ကို ဆုံးရှုံးရမလိုဖြစ်ခဲ့တာပါ။
အခုတော့ ဂျွန်တက်စ်တာက ပဲလေ့စ်အသင်းမှာရှိတဲ့ သူ့ရဲ့ ရှယ်ယာ(၄၃)ရာခိုင်နှုန်းကို New York Jets အသင်းပိုင်ရှင် ဝူဒီဂျွန်ဆင်ဆီ ရောင်းထုတ်လိုက်တာကြောင့် ပဲလေ့စ်အသင်း ယူရိုပါလိဂ်နဲ့ မလွဲတော့ပါဘူး။
ပဲလေ့စ်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ်ဖြစ်လာတဲ့ ဝူဒီဂျွန်ဆင်က ပေါင်(၇)ဘီလီယံကျော် ကြွယ်ဝချမ်းသာသူဖြစ်ပြီး ရှယ်ယာ(၄၃)ရာခိုင်နှုန်းကို ပေါင်သန်း(၁၉၀)နဲ့ ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group