Eleven Media Group

■ မန်စီးတီးနောက်ခံလူ ရီကိုလူးဝစ် နောက်ထပ်နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

Photo: Facebook

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ ပြိုင်ဘက် မော်ရိုကိုကလပ် ဝီဒက်ကာဆာဘလန်ကာအသင်းကစားသမား ဆမ်မြူရယ်အိုဘန်းရဲ့မျက်နှာကို ခြေထောက်နဲ့ကန်မိခဲ့တဲ့ မန်စီးတီးနောက်ခံလူ ရီကိုလူးဝစ်ဟာ နောက်ထပ်နှစ်ပွဲပယ်ပြစ်ဒဏ်
ချမှတ်ခံခဲ့ရပါတယ်။

ရီကိုလူးဝစ်အနေနဲ့ ဘောလုံးကို လျှောထိုးဖျက်ထုတ်စဉ် အရှိန်လွန်ပြီး အိုဘန်းရဲ့မျက်နှာကို ကန်မိခဲ့တာပါ။

ရည်ရွယ်ချက်မပါပေမဲ့ ကြမ်းတမ်းတဲ့ကစားပုံကြောင့် ၈၈ မိနစ်မှာ ရီကိုလူးဝစ် အနီကတ်ပြသခံခဲ့ရတာဖြစ်တယ်။

ရီကိုလူးဝစ်(၂၂ နှစ်)ဟာ အခုပြစ်ဒဏ်ကြောင့် အလိုအလျောက် တစ်ပွဲပယ်ခံရပြီး ယူအေအီးကလပ် အယ်လ်အိန်းအသင်းကို ၆-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရတဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။

FIFA စည်းကမ်းထိန်းသိမ်းရေးကော်မတီက အခုအခါ နောက်ထပ်နှစ်ပွဲပယ် ထပ်မံသတ်မှတ်ခဲ့တာပါ။

မန်စီးတီးအသင်းက အယူခံဝင်ခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ပါဘူး။

ရီကိုလူးဝစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ကစားမယ့် အုပ်စုနောက်ဆုံးပွဲ၊ ၁၆ သင်းအဆင့်ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်တယ်။

မန်စီးတီးအသင်းဟာ အုပ်စုတွင်း နှစ်ပွဲကစား နှစ်ပွဲနိုင်ကာ ၁၆ သင်းအဆင့် တက်ရောက်ထားပါတယ်။

မူရင်းသတင်း — Eleven Media Group