စပါးအသင်းဟာ ဂျေလိဂ်ကလပ် ကာဝါဆာကီဖရွန်တေးအသင်းက ဂျပန်လက်ရွေးစင်နောက်ခံလူ ကာတိုတာကာအီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
နောက်ခံအတွင်းလူ တာကာအီ(၂၀ နှစ်)ဟာ လာမယ့်လမှာ စပါးအသင်းကို ရောက်လာမှာဖြစ်ပြီး နည်းပြသစ် သောမတ်စ်ဖရန့်ခ်ရဲ့ ပထမအသင်းမှာ လာရောက်ပူးပေါင်းမှာပါ။
စပါးအနေနဲ့ တာကာအီရဲ့ပြောင်းရွှေ့ကြေးအတွက် ပေါင် ငါးသန်းသာ ကုန်ကျမှာဖြစ်တယ်။
တာကာအီဟာ ဂျပန်လက်ရွေးစင်အသင်းအတွက် နှစ်ပွဲသာ ကစားထားပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ တရုတ်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲဦးထွက်ခဲ့တာပါ။
၎င်းဟာ ၂၀၂၄ ဂျပန်စူပါဖလားဗိုလ်စွဲခဲ့တဲ့ ကာဝါဆာကီအသင်းမှာ အဓိကကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အဲဒီနှစ်ရဲ့ ဂျပန်လူငယ်အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
တာကာအီအနေနဲ့ စပါးအသင်းမှာ စီနီယာကစားသမားတွေဖြစ်တဲ့ ရိုမဲရိုး၊ ဗန်ဒန်ဗန်၊ ဒန်ဆို၊ ဒရာဂူဆင်တို့နဲ့ အပြိုင်နေရာလုရဖို့ ရှိပါတယ်။