Eleven Media Group

■ အာနိုးလ်ရဲ့နေရာကို အစားဝင်နိုင်မယ်လို့ ဖရင်ပေါင် ယုံကြည်

Photo: Goal.com

လီဗာပူးလ်နောက်ခံကစားသမားသစ် ဖရင်ပေါင်က သူ့အနေနဲ့ အာနိုးလ်ရဲ့နေရာကို အစားဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အခုနွေမှာ ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ် (၂၆ နှစ်)နေရာမှာ အစားထိုးဖို့ လေဗာကူဆင်အသင်းက နယ်သာလန်နောက်ခံကစားသမား ဖရင်ပေါင် (၂၄ နှစ်)ကို ပေါင် (၂၉.၅) သန်းနဲ့ ခေါ်ယူခဲ့တာပါ။

ဖရင်ပေါင်က သူ့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်း ဆုံးရှုံးခဲ့ရတဲ့ အာနိုးလ်ရဲ့ နေရာကို အစားဝင်နိုင်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အာနိုးလ်ရဲ့နေရာကို အစားထိုးဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ လီဗာပူးလ်အသင်းက ကြီးကျယ်ခမ်းနားတဲ့ အသင်းဖြစ်ပြီး ဖလားရထားတာ အကြောင်း ရှိပါတယ်။ ခင်ဗျားအနေနဲ့ လီဗာပူးလ်အသင်းအတွက် ကစားမယ်ဆိုရင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး စွမ်းဆောင်မှုကောင်းဖို့ လိုတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်တော်က အောင်နိုင်သူပါ။ အသင်းအတွက် အဲဒီအရာကို ကျွန်တော် ယူဆောင်လာမှာပါ"လို့ ဖရင်ပေါင်က ပြောကြားခဲ့တာပါ။

ဖရင်ပေါင်ဟာ မန်စီးတီးအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး သူ့အနေနဲ့ အမြဲတမ်း ပရီးမီးယားလိဂ်မှာ ကစားဖို့ မျှော်မှန်းခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group