Eleven Media Group

■ ပရီးမီးယားလိဂ်ပစ်မှတ် ရိုဒရီဂိုကို ရီးယဲလ်မက်ဒရစ်အသင်း စျေးနှုန်းသတ်မှတ်

Photo: AFP

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပရီးမီးယားလိဂ်ကလပ်တွေ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတိုက်စစ်ကစားသမား ရိုဒရီဂိုကို ယူရိုသန်း (၉၀) စျေးနှုန်းသတ်မှတ်လိုက်တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

Cadena Ser ရဲ့ ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုနွေမှာ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုကို ရောင်းထုတ်ဖွယ်ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းက ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်နည်းပြသစ် အလွန်ဆိုဟာ အသက် (၂၄) နှစ်အရွယ်ရှိ ရိုဒရီဂိုကို အယ်လ်ဟီလာနဲ့ပွဲမှာ ပွဲထွက်အဖြစ် အသုံးပြုခဲ့ပေမဲ့ ပါချူကာအသင်းနဲ့ပွဲမှာတော့ အရန်ခုံမှာပဲ ထိုင်ခိုင်းထားခဲ့တာပါ။

အဲဒီနောက်မှာ ရိုဒရီဂိုအနေနဲ့ အခုနွေမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်လာပြီး ရီးယဲလ်မက်ဒရစ်အသင်းက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၉၀) အလိုရှိနေတယ်လို့ Cadena Ser က ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ ရိုဒရီဂိုကို ခေါ်ယူဖို့ တိုက်စစ်မှူး ရှာဖွေနေတဲ့ ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး မန်စီးတီးအသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ရီးယဲလ်မက်ဒရစ်အသင်းမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၅၂) ပွဲမှာ (၁၄) ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group