
မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ရွန်နီက သူ့ကစားသမားဘဝတစ်လျှောက် တွဲဖက်ကစားခဲ့တဲ့ တိုက်စစ်တွဲဖက်တွေထဲမှာ တီဗက်ဇ်ကို အကြိုက်ဆုံးဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ရွန်နီဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး နစ္စတယ်ရွိုင်း၊ စီရော်နယ်လ်ဒို၊ တီဗက်ဇ်၊ ဘာဘာတော့ဗ်၊ ဗန်ပါစီ၊ ဆာဟာတို့လို ထိပ်တန်းတိုက်စစ်ကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့တာပါ။
ဒါပေမဲ့ ရွန်နီက သူ တွဲဖက်ကစားခဲ့တဲ့ တိုက်စစ်ကစားသမားတွေထဲမှာ တီဗက်ဇ်ကို အကြိုက်ဆုံးဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရွန်နီက "ကားလို့စ်(တီဗက်ဇ်) မန်ချက်စတာယူနိုက်တက်ကို ရောက်လာတုန်းက ကစားပုံတူတဲ့ ကျွန်တော်တို့နှစ်ယောက် တိုက်စစ်မှာ ဘယ်လိုများ တွဲဖက်ကစားကြမလဲဆိုပြီး ပြောဆိုမှုတွေ အများကြီး ရှိခဲ့တာပါ။ ကျွန်တော်တို့နှစ်ယောက်လုံးက အစွမ်းကုန်ကြိုးစားပြီး နံပါတ် (၉) နေရာမှာ ကစားတာချင်းလည်း တူတယ်ဆိုတော့ အဲဒီလို ပြောဆိုမှုတွေ ရှိခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကွင်းအတွင်းမှာရော ကွင်းအပြင်မှာ တွဲဖက်ညီခဲ့ပြီး တစ်ဦးအပေါ် တစ်ဦး ကောင်းကောင်းနားလည်ခဲ့ကြတာပါ။ ကျွန်တော် တွဲဖက်ကစားခဲ့တဲ့ တိုက်စစ်ကစားသမားတွေထဲမှာ ကားလို့စ်ကို အကြိုက်ဆုံးလို့ ထင်ပါတယ်"လို့ ပြောကြားခဲ့တာပါ။
ရွန်နီနဲ့ တီဗက်ဇ်တို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ တွဲဖက်ကစားခဲ့ကြပြီး ပရီးမီးယားလိဂ် (၂) ကြိမ်၊ ချန်ပီယံလိဂ် (၁) ကြိမ်အပါအဝင် ဆုဖလား (၆) လုံးအထိ ရယူနိုင်ခဲ့တာပါ။
တီဗက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၉၉) ပွဲမှာ (၃၄) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။