Eleven Media Group

■ အစာအိမ်အူရောင်လို့ ဆေးရုံတက်ခဲ့ရပြီးနောက် ဘာပေ ၀ိတ်ကျသွားခဲ့

Photo: Daily Mail

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေဟာ အစာအိမ်အူရောင်လို့ ဆေးရုံတက်ခဲ့ရပြီးနောက် (၅) ကီလိုဂရမ် ၀ိတ်ကျသွားခဲ့တယ်လို့ စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကစားဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေစဉ်မှာ အစာအိမ်အူရောင်ရောဂါ ခံစားခဲ့ရတာပါ။

ဘာပေဟာ အဲဒီရောဂါကြောင့် ပြီးခဲ့တဲ့အပတ်မှာ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရပြီး ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ် (၂) ပွဲစလုံးကို လွဲချော်ခဲ့ပါတယ်။

Marca ရဲ့ ဖော်ပြချက်အရ ဆေးရုံတက်ခဲ့ရတဲ့ ဘာပေဟာ (၅) ကီလိုဂရမ် ၀ိတ်ကျသွားခဲ့ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပေမဲ့ သိပ်ပြီးတော့ ကျန်းမာပုံမရဘူးလို့ သိရပါတယ်။

ဘာပေအနေနဲ့ ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ကစားမယ့် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ အရန်အဖြစ် ပါဝင်ကစားဖွယ်ရှိတယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဘာပေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီက PSG အသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ပထမဆုံးရာသီမှာပဲ ပြိုင်ပွဲစုံ (၅၆) ပွဲမှာ (၄၃) ဂိုးအထိ သွင်းယူခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group