
နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ စိတ်ဝင်စားနေတဲ့ အသင်းတိုက်စစ်မှူး အီဆက်ခ်ကို ကလပ်စံချိန်တင်လစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အသက် (၂၅) နှစ်အရွယ် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၂) ပွဲမှာ (၂၇) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ခဲ့တာပါ။
သူဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လိဂ်ဖလားရရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သတင်းထွက်နေတာပါ။ The Times ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ အီဆက်ခ်ကို အသင်းမှာ ဆက်ထိန်းဖို့ ဆုံးဖြတ်ထားပြီး ကလပ်စံချိန်တင်လစာနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
အီဆက်ခ်ဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး လက်ရှိမှာ တစ်ပတ်လစာ ပေါင် (၁၂၀၀၀၀) ရရှိနေတာပါ။ လက်ရှိ နယူးကာဆယ်အသင်းမှာ လစာအများဆုံးရကစားသမားအဖြစ် အသင်းခေါင်းဆောင် ဘရူနိုဂီမာရေ့စ် ရပ်တည်နေပြီး တစ်ပတ်လစာ ပေါင် (၁၆၀၀၀၀) ရရှိနေတာပါ။
နယူးကာဆယ်အသင်းက အီဆက်ခ်ကို ဂီမာရေ့စ်ထက် လစာပိုပေးပြီး နှစ်ရှည်စာချုပ်သစ်အတွက် ကမ်းလှမ်းဖို့ စီစဉ်နေတာဖြစ်တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။