Eleven Media Group

■ ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ဘာစီလိုနာအသင်း ဆန္ဒရှိနေ

Photo: Getty Images

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ရာသီသစ်အတွက် အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး ဘီလ်ဘာအိုတိုက်စစ်ကစားသမား နီကိုဝီလီယံစ်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်တို့ကို ပစ်မှတ်ထားနေတာပါ။

ဘာစီလိုနာအသင်းဟာ စပိန်တိုက်စစ်ကစားသမား နီကိုဝီလီယံစ်ကို စာချုပ်လျော်ကြေး ပေါင် (၅၃)သန်းနဲ့ ခေါ်ယူဖို့ ချိန်ဆနေပြီး အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ရပ်ရှ်ဖို့ဒ်ကိုတော့ အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က သူ့အနေနဲ့ ဘာစီလိုနာလူငယ်ကြယ်ပွင့် ယမားလ်နဲ့ တွဲဖက်ကစားလိုကြောင်း ဝန်ခံထားပြီး ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်ကလည်း ရပ်ရှ်ဖို့ဒ်ကို သဘောကျနေတယ်လို့ သိရပါတယ်။

အသက် (၂၇) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်ရဲ့ အနာဂတ်စီမံကိန်းတွေမှာ မပါဝင်ဘူးလို့ ပြောဆိုခံထားရသူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖို့ဒ်ကို အခုနွေမှာ ရောင်းထုတ်ဖို့ စီစဉ်နေပေမဲ့ ခေါ်ယူလိုတဲ့ အသင်းရှားပါးနေတာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group