
ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC -317 ပြိုင်ပွဲအတွက် ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ UFC -317 ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ဇွန် (၂၆) ရက်၊ လပ်ဗေးဂတ်စ်စံတော်ချိန် နေ့လည် (၃) နာရီ (မြန်မာစံတော်ချိန် သောကြာနေ့မနက် ၄ နာရီခွဲ) မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
UFV -317 ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ပြိုင်ပွဲကျင်းပပြုလုပ်မယ့် အမေရိကန်နိုင်ငံ၊ လပ်ဗေးဂတ်စ်မြို့ရှိ T Mobil Arena ရုံမှာ ပြုလုပ်မှာဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲကို Main Card အတွင်း ထိုးသတ်မယ့် တွဲဆိုင်း (၅) ဆိုင်းက ဖိုက်တာ (၁၀) ဦး တက်ရောက်ကြမှာဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲကို UFC ရဲ့ Webside၊ Facebook၊ Youtube Channel တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။
ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC -317 ပြိုင်ပွဲရဲ့ ဖလိုင်းဝိတ်တန်းမှာ လက်ရှိအဆင့် (၁) သတ်မှတ်ခံထားရတဲ့ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်နဲ့ Main Card အတွင်း ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။
UFC -327 ပြိုင်ပွဲကို လာမယ့်ဇွန် (၂၈) ရက် (မြန်မာစံတော်ချိန် တနင်္ဂနွေ မနက်ပိုင်း) အမေရိကန်နိုင်ငံ၊ လပ်ဗေးဂတ်စ်မြို့က T Mobile Arena ရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
မူလက UFC-317 ပြိုင်ပွဲမှာ လက်ရှိ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် (၁) ဘရန်ဒန်ရွိုင်ဗယ်နဲ့ ထိုးသတ်မယ့်သူက အဆင့် (၆) ရှိ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်ဖြစ်ပါတယ်။
ဒါပေမဲ့ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်က ဒဏ်ရာကြောင့် UFC-317 ပွဲကို မယှဉ်ပြိုင်နိုင်တော့တာကြောင့် ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှုအာဗန်က အစားထိုးဝင်ရောက်ထိုးသတ်မှာဖြစ်ပါတယ်။
ဘရန်ဒန်ရွိုင်ဗယ်ဟာ လက်ရှိ အသက် (၃၁) နှစ်ရှိပြီး ပရော်ရှင်နယ် MMA ကစားသမားဘဝ (၂၄) ပွဲ ထိုးသတ်ထားရာမှာ (၁၇) ပွဲနိုင်၊ (၇) ပွဲ ရှုံးထားပါတယ်။ UFC မှာဆိုရင် ဘရန်ဒန်ရွိုင်ဗယ်ဟာ (၁၀) ပွဲထိုး၊ (၇) ပွဲနိုင်၊ (၃) ပွဲရှုံးထားတဲ့ လက်ရှိ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် (၁) သတ်မှတ်ခံထားရတဲ့ ဖိုက်တာဖြစ်ပါတယ်။
ဂျိုရှုအာဗန်က ယခုလဆန်းပိုင်းကမှ UFC-316 ပြိုင်ပွဲမှာ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားကို အလဲထိုးနဲ့ အနိုင်ရထားသူဖြစ်ပါတယ်။
ဂျိုရှုအာဗန်က ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ (၁၆) ပွဲထိုးသတ်ထားရာမှာ (၁၄) ပွဲနိုင်၊ (၂) ပွဲရှုံးထားပါတယ်။ UFC မှာဆိုရင်တော့ ဂျိုရှုအာဗန်က (၈) ပွဲထိုးသတ်ထားပြီး (၇) ပွဲနိုင်၊ (၁) ပွဲသာရှုံးနိမ့်ထားတဲ့ အသက် (၂၃) နှစ် လူငယ်ဖိုက်တာဖြစ်ပါတယ်။
ဂျိုရှုအာဗန်ဟာ UFC-317 ပြိုင်ပွဲမှာ ထိုးသတ်ခွင့်ရခဲ့တာကြောင့် ပြိုင်ပွဲနှစ်ပွဲဆက်တိုက် ထိုးသတ်ခွင့်ရတဲ့ UFC ရဲ့ ကြုံတော့ကြုံခဲ အခွင့်ထူးခံဖိုက်တာတစ်ဦး ဖြစ်ခွင့်ရရှိမှာဖြစ်ပါတယ်။